Skip to main content

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်း သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ ဆရာမများ၊ နည်းပြများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုံခြုံရေးအလေးထား

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဗဟိုအဆင့် မဲဆန္ဒရှင်စာရင်း စီမံ ခန့်ခွဲမှုစနစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတို့က သက်ဆိုင်ရာ အဆင့်အလိုက် ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စနစ်ကိုအသုံးပြုရာတွင် ကော်မရှင်၏ သီးခြားကွန်ရက်မှသာ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ အဆင့်ကိုသာ အသုံးပြုနိုင်အောင် ရေးဆွဲထားသည့်အတွက် လုံခြုံရေး(Cyber Security) အပိုင်းကိုလည်း အလေးထားဆောင်ရွက်ထားကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲအကြိုကာလ၌ ရွေးကောက်ပွဲစနစ်များ သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ခြင်း၊ နိုင်ငံရေးပါတီများ ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ မဲစာရင်းများပြုစုခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များ၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းသည် အလွန်ပင်အရေးကြီးသကဲ့သို့ လုပ်ငန်းပမာဏအနေဖြင့်လည်း ကြီးမားပါကြောင်း။

နည်းပညာအကူအညီရယူ

လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများ မှန်ကန်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်ရေးအတွက် ကော်မရှင်အဖွဲ့ဝင်များ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ သွားရောက်၍ နယ်မြေကွင်းဆင်းကာ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လည်းဖြစ်ပါကြောင်း၊ မဲစာရင်းများ ပြုစုရာတွင် ကွန်ပျူတာနည်းပညာအကူအညီ ရယူဆောင်ရွက်ခြင်းဖြင့် ပိုမိုလွယ်ကူမှန်ကန် စေမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါစနစ်တွင် မိမိမြို့နယ်အတွင်း၊ ခရိုင်အတွင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ကော်မရှင်ရုံးချုပ်အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒ နယ်မြေအလိုက် စာရင်းများကြည့်ရှုခြင်း၊ မဲဆန္ဒရှင်အမျိုး အစားအလိုက်၊ မသန်စွမ်းအမျိုး အစားအလိုက်၊ တိုင်းရင်းသား လူမျိုးအလိုက်နှင့် ဇယားပုံစံ အမျိုးအစားအလိုက် မဲဆန္ဒရှင် စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံများအဆင့်အထိ အသေး စိတ်ကြည့်ရှုနိုင်ခြင်း၊ လူစာရင်း ထပ်/မထပ် စစ်ဆေးခြင်း စသည့်လုပ်ဆောင်ချက် များကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်များက ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စနစ်ကို အသုံးပြုခြင်းအားဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်အဆင့်အနေနှင့် မိမိကွပ်ကဲမှု အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကိုသိရှိကာ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိကြမည်ဖြစ်သည်။

ဖွင့်လှစ်ပို့ချသွားမည်

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ တက်ရောက်ကြပြီးသင်တန်းကို ယနေ့မှ ဇန်နဝါရီ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်