နေပြည်တော် ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ ပေါက်-ပခုက္ကူသွားကားလမ်း ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လာခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်လာမှုကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ထိခိုက်ကျဆုံးမှုများစွာဖြင့် တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းတို့ ဆုတ်ခွာစဉ် ဆုတ်ခွာရာ လမ်းကြောင်းပေါ်ရှိ နဂါးဘွက်ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသား အမျိုးသား နှစ်ဦး၊ အမျိုးသမီး ငါးဦးတို့ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ယနေ့တွင်ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်တွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်၍ ယောချောင်း၊ ရေပြာတံတားအား ဖောက်ခွဲဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အသင့်ဖြစ်မှု၊ ရဲရဲဝံ့ဝံ့ တုံ့ပြန်တိုက်ခိုက်မှုတို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှုမရှိဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်