Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာန ပေါင်းစုံအားကစား ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ပိုက်ကျော်ခြင်းအား ကစားသမား ကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ကျင်းပသည်။

အဆိုပါပွဲစဉ်များသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာ ရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင်  နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင်  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းကို လည်းကောင်း၊ တတိယဆုရရှိသော နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ဒုတိယ ဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်းကို လည်းကောင်း၊ ပထမဆု ရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀)နှင့် တံခွန်စိုက်ဆုဖလား ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာ (၁၉)ရက်မှ (၂၈)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီး မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၂၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)