နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ ဆိုင်ရာမြှင့် တင်ရေးဗဟိုဌာန တည်ထောင်ခြင်းမှာ ချုံချင့်မြို့ရှိ ပြည်သူများသာမက တရုတ်ပြည်အနောက် ပိုင်းအထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ချုံချင့်မြို့၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံ မှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ဆိုင်ရာခရီးသွား ကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက် မြို့တော်ရက် သတ္တပတ် အစီအစဉ်တို့ကို ကျင်းပရန်ရှိရာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည် ပြပွဲကျင်းပရာတွင် ပြခန်းပေါင်း (၁၅၀) ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ခင်းကျင်းပြ သသွား နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်း အဖွဲ့များကို ဖိတ်ကြားသွားလိုပါကြောင်း၊ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှ တိုက်ရိုက်မြှင့်တင် ကြော်ငြာသွားမည့် အစီအစဉ်များလည်း ပါဝင်ပါကြောင်း၊ ယခုပြပွဲအားနှစ်စဉ် ပုံမှန်ကျင်းပနိုင်ရေး ကိုလည်း စီစဉ်လျာ ထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများကို ဆွဲဆောင်သွားနိုင် မည်ဟုယုံကြည်ပါကြောင်း၊ ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေး အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးနိုင်ပါက ပိုမိုအဆင်ပြေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေး ဗဟိုဌာနအနေဖြင့် တရုတ်-မြန်မာခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးပြောကြား သည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ဘာသာစကားမှအစ ပြင်ဆင်ဆောင် ရွက်လျက်ရှိပါကြောင်း။
ချုံချင့်မြို့၌ မကြာမီကျင်းပမည့် တရုတ်-မြန်မာရင်းနှီး မြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ဆိုင်ရာခရီးသွား ကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ်တို့တွင် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် ခရီးသွား ပြခန်း (၅၀) အပြင်သွားလာနေထိုင်စား သောက်ရေးကိုပါ အခမဲ့စီစဉ် ဆောင်ရွက်ပေးမည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် ခရီးသွား အသင်းအဖွဲ့ များနှင့်ပူးပေါင်း၍ ပြသ သွားရန် စီစဉ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင် အခြားခရီးစဉ်ဒေသများသို့လည်း သွားရောက်လေ့ လာလည်ပတ်စေလိုပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)