Skip to main content

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၂၇

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စာပေဌာနနှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက  ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ်၊ ၅၆  ဗိုလ်လောင်း သိမ့်နန္ဒာအောင်အား ဆုပေးအပ် ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကဏ္ဍသည် ကျယ်ပြန့်လာသည့်အပြင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးပညာရှင်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်များတွင်အမျိုးသမီးများ၏ စစ်မှုထမ်းဆောင်ခြင်းအခန်းကဏ္ဍသည် များပြားလာပြီး အခန်းကဏ္ဍအလိုက်အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။

တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘွဲ့ရအမျိုးသမီးအရာရှိများကို ယခုအမှတ်စဉ်(၉)အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီလက်တွေ့နယ်ပယ်တွင် နိုင်ငံတော်နှင့်တပ်မတော်အတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရတော့မှာဖြစ်သည့်အတွက် တပ်မတော်၏မွန်မြတ်သည့် အစဉ်အလာကောင်းများ၊ သိသင့်သိထိုက်သည်များကို အလေးအနက်ထားမှာကြားလိုကြောင်း၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်”ဆိုသည့် ကောင်းမွန်သည့်ရည်ရွယ်ချက်နှင့် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးမရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူရင်ဘောင်တန်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထားလေ့ကျင့်ပေးလျက်ရှိကြောင်း။

နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်းတည်ရှိနေကြောင်း၊ နိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးကာလနှင့် ပါတီစုံဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့်ကြုံတွေ့ခဲ့ရပြီး တပ်မတော်သည်လည်း နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲလိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုသည်တပ်မတော်၏ သမိုင်းကြောင်းနှင့်အတူ ပါရှိလာခဲ့သည့် အစဉ်အလာကောင်းများပင်ဖြစ်ကြောင်း။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်သည့် BIA၊ BDA ခေတ်တွင် လွတ်လပ်ရေးသည် ပထမ၊  လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယမှအစပြုပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် မူဝါဒများအထိ နိုင်ငံ့အရေးမှန်သမျှကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမူဝါဒများကို ပြန်ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင်ဖြစ်တည်ခဲ့သည့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို မူဝါဒများ အဆင့်ဆင့်ပြောင်းလဲချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာနိုင်ငံ့အရေးအတွက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးစသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်တို့ကို အားကြိုးမာန်တက်အကောင်အထည်ဖော်လျက်ရှိကြောင်း။

တပ်မတော်သား အမျိုးသမီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်တော့မည့်သူများဖြစ်၍ နိုင်ငံတော်၏သမိုင်း၊ တပ်မတော်၏သမိုင်းကြောင်းများကို အသေးစိတ်သိရှိအောင် လေ့လာထားကြရန်လိုအပ်ကြောင်း၊ သို့မှသာ တပ်မတော်၏ အစဉ်အလာကောင်းသည့်သမိုင်းကြောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပြီး ကောင်းမွန်သည့်သမိုင်းကြောင်းများ ကမ္ပည်းတင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း။

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့်စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ၁၉၅၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့ဝင်များမှ အမျိုးသမီးအရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ဂုဏ်ယူဖွယ်ရာတွေ့ရှိရကြောင်း။

တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထုပါဝင်နိုင်ရေး အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်းကျောင်းများဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီးအရာရှိများကို သက်ဆိုင်ရာဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိနိုင်ရေး ဆက်လက်ပညာဆည်းပူးသင်ကြားစေလျက်ရှိကြောင်း။

တပ်ဖွဲ့အသီးသီး၏ တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်ရန် တပ်ဖွဲ့တိုင်း၏ လုပ်ငန်းခွင်ပညာရပ်များကို လေ့လာဆည်းပူးသည့်နေရာတွင် တန်းမြင့်သင်တန်းများ၊ အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များမှတစ်ဆင့် သင်ယူလိုစိတ်၊ မှတ်သားလိုစိတ်၊ လေ့လာလိုစိတ်များဖြင့် လေ့လာသင်ယူသွားကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စာပေပညာရပ်များကတစ်ဆင့်လည်း လေ့လာဆည်းပူးသွားကြရန်လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းခွင်အလိုက် ကျရာတာဝန်များကို ကျွမ်းကျင်စွာထမ်းဆောင်နိုင်မှာပင်ဖြစ်ကြောင်း။

ယနေ့ မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းအရာရှိ၊ စစ်သည်များသည် (ကြည်း၊ ရေ၊ လေ) ရုံး၊ ဌာနများအပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ကျယ်ပြောလှသည့်ပင်လယ်သမုဒ္ဒရာကို မိုင်ထောင်ချီလှိုင်းကြီးလှေအောက်ဖြတ်ကျော်ပြီး ချစ်ကြည်ရေးခရီးစဉ်များနှင့် ပူးတွဲလေ့ကျင့်ခန်းများအတွက်သွားရောက်ခဲ့ကြသည့် စစ်ရေယာဉ်ခရီးစဉ်များ၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့် ခရီးစဉ်များတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသကဲ့သို့ ပြည်ပနိုင်ငံများကိုသွားရောက်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် တပ်မတော်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း ဆုတံဆိပ်အမျိုးမျိုးရရှိအောင် နိုင်ငံတကာတပ်မတော်များနှင့် ယှဉ်ပြိုင်အနိုင်ယူသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ထို့အပြင် အမျိုးသမီးအရာရှိအချို့သည် ကြမ်းတမ်းခက်ခဲသည့် အထူး တာဝန်တပ်ဖွဲ့(အမျိုးသမီး)တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသကဲ့သို့ တပ်မတော်(လေ)တွင်လည်း အမျိုးသမီးလေသူရဲအရာရှိများအဖြစ် ပျံသန်းရေးတာဝန်အမျိုးမျိုးကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ စစ်သုံးလေထီးခုန်ခြင်း၊ အလွတ်ခုန်လေထီးခုန်ခြင်းစသည့် ရဲဝံ့သည့် လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားအရာရှိ၊ စစ်သည်များနှင့် တန်းတူလိုက်ပါ တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူစွာတွေ့မြင်ရမှာဖြစ်ကြောင်း။

မိမိတာဝန်ကျရာတပ်ဖွဲ့အသီးသီးတွင် မည်သည့်တာဝန်များကို ထမ်းဆောင်ကြရသည်ဖြစ်စေ၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် တာဝန်ကျရာတပ်ဖွဲ့အသီးသီး၏ လုပ်ငန်းပိုင်းဆိုင်ရာတွင် အထူးကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း။

အရာရှိငယ်များ ဖြစ်လာကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုပညာရပ်များကိုလည်း အမိကျောင်းတော်ကြီးက သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်ကြားတတ်မြောက်ပြီးဖြစ်သည့် ခေါင်းဆောင်မှုပညာရပ်များကို လက်တွေ့နယ်ပယ်တွင် တွေ့ကြုံရသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်အသုံးချပြီး ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်းနှင့် နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်ဆိုသည်ကိုလည်း မမေ့မလျော့ဘဲလက်တွေ့နယ်ပယ်တွင် စီနီယာအရာရှိများ၏ သွန်သင်ဆုံးမမှုအပါအဝင် အုပ်ချုပ်မှုကိစ္စရပ်တိုင်းတွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ လေ့လာ၊ လေ့ကျင့်၊ လိုက်နာသွားကြရန်လည်းမှာကြားလိုကြောင်း၊ ထို့အပြင် မိမိကွပ်ကဲမှုအောက်တွင်ရှိသည့် အရာရှိ၊ စစ်သည်များကို ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင်မှုပေးနိုင်ရန်လိုအပ်သလို မိမိတို့ကိုယ်တိုင်အနေဖြင့်လည်းလက်အောက်ကို ခေါင်းဆောင်မှုပေးနိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း တိကျစွာလိုက်နာရန်လိုကြောင်း၊ သို့မှသာ လက်အောက် အရာရှိ၊ စစ်သည်များ၏ အထင်ကြီးလေးစားမှုနှင့် အားကိုးယုံကြည်မှုအပြည့်အဝရရှိမှာဖြစ်ကြောင်း၊ ထိုသို့အထက်အောက်အပြန်အလှန် ယုံကြည်ကိုးစားအားကိုးမှုရှိမှသာ မိမိအဖွဲ့အစည်းသည့်ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ချို့ယွင်းချက်မရှိ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း။

တပ်မတော်သားဖြစ်တာနှင့်အညီ အမိန့်နာခံတတ်မှုနှင့်စစ်စည်းကမ်းအတိုင်း နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို တပ်မတော်တွင်တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်လုံး လိုက်နာနေထိုင်သွားကြရမှာဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏အဓိကကျောရိုးမဏ္ဍိုင်ဖြစ်ပြီး စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိသည့် တပ်မတော်သားများဖြစ်အောင်နေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သားများသည် တပ်မတော်၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို တိတိကျကျလိုက်နာဆောင်ရွက်ကြရသည့်အပြင် အရပ်ဘက်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများဖြစ်ကြောင်း။

ထို့အပြင် နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာဥပဒေများကိုလည်း သိရှိလိုက်နာကြရကြောင်း၊ သင်တန်းကာလအတွင်းမှာ စစ်စည်းကမ်းလိုက်နာပြီး အမိန့်နာခံမှုရှိစေရန်အခြေခံစစ်ရေးပြကစပြီး လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ကိုယ်တိုင်စည်းကမ်းကို တိကျစွာလိုက်နာစောင့်ထိန်းရပြီး မိမိတာဝန်ယူကွပ်ကဲရသည့်လက်အောက်က ပြစ်မှုကျုးလွန်လျှင်လည်း မျက်ကွယ်ပြု၍မရဘဲ စစ်ဘက်၊ နယ်ဘက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ရသည်ဆိုတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ ထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်၏ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်အနက် ပထမလုပ်ငန်းစဉ်သည် လေ့ကျင့်ရေးနှင့်တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့ကျင့်နေမှသာလျှင် စွမ်းရည်မြင့်မားသည့် တပ်မတော်ကြီးဖြစ်လာမှာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးသည်အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက်  အရည်အသွေးပြည့်ဝစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အဆင့်နှင့်လျော်ညီသည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ သင်တန်းတိုင်းတွင် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံမှုတို့ဖြင့် ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ သင်တန်းကာလတိုတောင်းသော်လည်း အရာရှိတစ်ဦးအတွက် သိသင့်သိထိုက်သည့် အသိပညာ၊ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာနှင့် စည်းကမ်းတကျလုပ်ကိုင်တတ်သည့် အရာရှိငယ်များအဖြစ် အခြေခံကောင်းအောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။

ဘွဲ့ရပညာတတ်များဖြစ်ပြီး ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်သူများဖြစ်သည့်အတွက် ပိုမိုနားလည်နိုင်စွမ်းနှင့် လေ့လာဆည်းပူးနိုင်စွမ်းရှိရန်လိုကြောင်း၊ ကျောင်းကလေ့ကျင့်သင်ကြားပေးလိုက်သည့် ဘာသာရပ်များနှင့် လေ့ကျင့်ဆောင်ရွက်မှုများသည် အခြေခံမျှသာဖြစ်၍ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက်အသုံးချနိုင်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကိုလက်တွေ့အသုံးချနိုင်ရေးအတွက် ဆက်လက်လေ့လာဆည်းပူးကြရန်လိုကြောင်းနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိရန် အမြဲလေ့ကျင့်နေရမှာဖြစ်ကြောင်း။

အသိပညာ၊ အတတ်ပညာသည် အကန့်အသတ်မရှိ ကျယ်ဝန်းခြင်းကြောင့် မိမိ၏ကြိုးစားအားထုတ်မှု၊ လေ့ကျင့်မှုအပေါ်တွင်မူတည်ပြီး ကျွမ်းကျင်တတ်မြောက် လာမှာဖြစ်ကြောင်း၊ စစ်အခြေခံသဘောတရားနှင့်စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင်လိုက်နာကျင့်သုံးကြရန်လိုကြောင်း၊ တစ်ဆင့်မြင့်သောရာထူးတာဝန်များထမ်းဆောင်နိုင်ရန်အတွက် ထပ်မံတက်ရောက်ရမည့် အခြားစစ်ဘက်သင်တန်းများတွင်လည်း ကြိုးစားအားထုတ်မှု၊စည်းကမ်းလိုက်နာမှုနှင့် ကျန်းမာရေးကောင်းမွန်အောင် နေထိုင်မှုတို့အပေါ်မူတည်ပြီး သင်တန်းဆင်းအဆင့်များ ကွာခြားသွားမှာဖြစ်ကြောင်း။

မိမိ၏ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး ရာထူးတိုးမြှင့်ရေးကိစ္စရပ်များတွင် ကွာခြားသွားမည်ဖြစ်သည့်အတွက် မိမိကိုယ်ကို ကောင်းမွန်အောင်နှင့် မိမိဦးဆောင်ရသည့်အဖွဲ့အစည်းကောင်းမွန်အောင် ညီညွတ်မျှတသည့် အုပ်ချုပ်မှုဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ တပ်မတော်ကိုတိုက်ပွဲစွမ်းရည်၊တိုက်ပွဲစွမ်းအားပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်အောင်တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့တည်ဆောက်သည့်နေရာတွင် စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားများနှင့် အဓိကသက်ဆိုင်ပြီးစွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် တပ်များ၏ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တိုးတက်မြင့်မားအောင် အကြိမ်ကြိမ်အခါခါလေ့ကျင့်ရေးကို တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပါ လေ့ကျင့်ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း၊ တစ်ဦးချင်းအရည်အသွေးမြင့်မှ အဖွဲ့အစည်းတစ်ခုလုံး အရည်အသွေး မြင့်မားလာမည်ဖြစ်သည့်အတွက် တစ်ဦးချင်းအရည်အသွေးမြင့်မားလာအောင် တစ်ဦးချင်းလေ့ကျင့်ရေး (Individual Training)မှသည် အစုအဖွဲ့လိုက်စွမ်းရည်မြင့်မားလာအောင် အစုအဖွဲ့လိုက်လေ့ကျင့်ရေး (Collective Training)၊ မတူညီသည့်တပ်ဖွဲ့များ ပူးပေါင်းလေ့ကျင့်ရသည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (Joint Operation Training) များအထိ လေ့ကျင့်နေကြခြင်းဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည့် “ခေတ်မီတပ်မတော်ဖြစ်စေရန်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားတို့ ထက်မြက်ရေး” ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တိုင်းတွင် စွမ်းစွမ်းတမံတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြရန်အရေးကြီးကြောင်း၊ တစ်ဖက်တွင်နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော်တစ်ရပ်ကို စဉ်ဆက်မပြတ်တည်ဆောက်ကြရမှာဖြစ်၍ တစ်ဖက်တွင်လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးရပြီးကပင် (၇၅)နှစ်တိုင်တိုင် ယနေ့ကာလအထိနယ်ချဲ့ကိုလိုနီလက်ဟောင်းများနှင့် လက်သစ်များပါ မိမိတို့တိုင်းပြည်အပေါ် နည်းမျိုးစုံသွေးခွဲမှုများကြောင့် ဝါဒရေးရာအယူအဆကွဲလွဲမှု၊ လူမျိုးရေးရာ အယူအဆကွဲလွဲမှု၊ ဘာသာရေးရာအယူအဆကွဲလွဲမှုများကတစ်ဆင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းသည် ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်နေမှုကိုလည်း အမြန်ဆုံးချုပ်ငြိမ်းပြီးထာဝရငြိမ်းချမ်းရေးရရှိရန် မတူညီခြင်းကို ဘေးချိတ်တူသည်ကိုတွဲချိတ်ပြီး ငြိမ်းချမ်းသာယာသော ပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ နှစ်ဖက်ထာဝရငြိမ်းချမ်းရေးမှသည် ပါတီစုံဒီမိုကရေစီကျင့်သုံးမှုနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအမြန်ဆုံး ပေါ်ထွန်းလာစေရေး ဦးတည်ချက်ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်၍ ဆွေးနွေးလျက်ရှိရာ ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန်ကိုလည်း ထာဝရငြိမ်းချမ်းရေးသမိုင်းကြောင်းများကို သိရှိနားလည်အောင် အစဉ်အမြဲကြိုးစားလေ့လာနေကြရန်လိုကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်ရမည့် အဓိကကာကွယ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့်ကာကွယ်ရေးအင်အားစုများပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် တပ်မတော်သားတိုင်းအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုရှိရေးသည် အရေးကြီးသည့် အချက်ပင်ဖြစ်ကြောင်း၊  ကိုယ်စီရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေမှ စစ်ပညာအတတ်ပညာများကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ်လေ့ကျင့်နိုင်မှာဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိပြီး မိမိနှင့်သက်ဆိုင်သည့် အတတ်ပညာကို ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ထားပါက ရဲစွမ်းသတ္တိရှိလာမှာဖြစ်ကြောင်း။

တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုကောင်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျွမ်းကျင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီဆိုလျှင် လုပ်ငန်းခွင်လက်တွေ့နယ်ပယ်များ၊ တိုက်ပွဲများတွင်ရဲစွမ်းသတ္တိရှိသည့် စစ်သည်တော်ကောင်းများ အလိုလိုဖြစ်လာမှာပင်ဖြစ်ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများပီပီပိုင်ဆိုင်ထားသည့် စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်လေးစားအားထားရသည့် တပ်မတော်သားကောင်းများဖြစ်အောင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ အစဉ်ကြိုးစားသွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။

တပ်မတော်၏မွန်မြတ်သည့် အတိတ်သမိုင်းကြောင်း၊ အစဉ်အလာနှင့် ပစ္စုပ္ပန်ရပ်တည်ချက်အမှန်တရားကို သိရှိနားလည်ပြီးပေးအပ်လာသည့်တာဝန်များကို နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ကျေပွန်အောင်ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်သွားကြရန်၊ တပ်မတော်၏ရည်မှန်းချက်ဖြစ်သည့် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်” တည်ဆောက်ရာတွင် ပေးအပ်လာသည့် တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးအနက်ထားကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ခေါင်းဆောင်ငယ်များအဖြစ် မိမိကိုယ်ကိုထိန်းသိမ်းနိုင်မှုနှင့် ကြိုးစားအားထုတ်မှုကိုအခြေခံပြီး အထက်ကပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ သင်တန်းကသင်ကြားပေးလိုက်သည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာပညာရပ်များနှင့် ခေါင်းဆောင်မှုပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားကြရန်၊ တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှု၊ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များတွင်ကျွမ်းကျင်မှုရှိပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် တပ်မတော်(ကြည်း ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်နန္ဒာအောင်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း ဆုရည်ကျော်၊ ကြံခိုင်ရေးအကောင်းဆုံးဆုရဗိုလ်လောင်း ခက်ခက်ဦးနှင့် စစ်ရေးပြအကောင်းဆုံးဆုရဗိုလ်လောင်း စိုးသော်တာလင်းတို့အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတက်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။