ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအပေါင်းတို့သည် ရှေးပဝေသဏီကာလကတည်းက တစ်မြေတည်းတွင် အတူနေထိုင်သည့် တစ်အူထုံ့ဆင်းမောင်နှမအရင်းများ ဖြစ်ကြသည်။ ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများဟူသည့် အသိစိတ်ဓာတ်ဖြင့် သင့်မြတ်စွာ အကျိုးတူနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကြာလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက်၌ ပြည်ထောင်စုအပေါ် ကျရောက်လာသည့် အန္တရာယ်မှန်သမျှကိုလည်း ပူးပေါင်းလက်တွဲ၍ တွန်းလှန်ခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများ ရှိခဲ့သည်။
စည်းလုံးညီညွတ်စွာ စုစည်းနေထိုင်ခဲ့သောကြောင့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ တောင့်တင်းခိုင်မာသော ပြည်ထောင်စုကြီးဖြစ်တည်လာခဲ့သည်။ သို့သော် ပဒေသရာဇ်စနစ်၏ အားနည်းမှုများနှင့် အင်အားတောင့်တင်းသည့် တပ်မတော်အဖြစ် မတည်ဆောက်နိုင်သောကြောင့် ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည်။ ထို့နောက် စည်းလုံးညီညွတ် သော အမျိုးသားအားမာန်များဖြင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ (၇၅)နှစ်မြောက် စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်လည်ရရှိခဲ့သည်မှာ စိန်ရတုကာလသို့ ရောက်ရှိ လာပြီဖြစ်သော်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု အကျိုးဆက်အဖြစ် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်းအကြားတွင် ယုံကြည်မှုများလျော့နည်းခဲ့ပြီး သံသယစိတ်များကြောင့် လက်နက်ကိုင်ပဋိပက္ခများကို ယနေ့ထက်တိုင်ဖြေရှင်း နေရဆဲဖြစ်သည်။ မငြိမ်းချမ်းခြင်း၏ ဆိုးမွေများကို တိုင်းရင်းသားပြည်သူများ ကြုံတွေ့ခံစားကြရသည်။ မငြိမ်းချမ်းခြင်း၏ အကျိုးဆက်ကြောင့် အချို့ဒေသ များတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး လွတ်လပ်ရေး၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ မခံစားရသေးပေ။ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူမျှဝေ ခံစားနိုင်ရန်အတွက် စည်းလုံးညီညွတ်မှုသည် အဓိကအချက်ဖြစ်သည်။
ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့သော အစိုးရများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း စည်းလုံးညီညွတ်မှုအားနည်းမှုကြောင့် လိုရာပန်းတိုင်သို့ မရောက်နိုင်သေးပေ။ မျက်မှောက်ကာလတွင် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ၏ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် ရည်မှန်းဆောင်ရွက်နေသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အတိုင်း အလေးထားလုပ်ဆောင်နေသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။ ယင်းတို့သည် တိုင်းရင်းသားပြည်သူများအတွက် မဖြစ်မနေလိုအပ်သည့် ရည်မှန်းချက်များဖြစ်သည်။
စိန်ရတုလွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာရေးတို့ပါဝင်သည်။
သို့ဖြစ်ရာ မကြာမီကျရောက်တော့မည့် ထူးကဲသည့် စိန်ရတုလွတ်လပ်ရေးနေ့ကာလတွင် ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်များသည် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေသည့် တိုင်းရင်းသားပြည်သူများ မျှော်မှန်းချက်များနှင့်ထပ်တူဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးဦးတည်ချက်များ အောင်မြင်အောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။