နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ပြုလုပ်လျက်ရှိရာတွင် ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တောပုကျေးရွာရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်းသို့ NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb (၂)လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီးပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးဆောင်ရွက်နေသည့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှုများ၌ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များအား ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။