နေပြည်တော် ဒီဇင်ဘာ ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော Corrosion And Scale Inhibitor ၄၀၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၁၆၈၀၀၀)ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ပူးပေါင်းစစ်ဆေးရေး အဖွဲ့များကစစ်ဆေး
အလားတူ ဒီဇင်ဘာ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီ-ဘားအံ-ရန်ကုန်ကားလမ်း ဘုရားကြီး မြို့နယ် ရာဇာမင်းဆီဆိုင်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Air Filter များ အပါအဝင် ကုန်စည်လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၁၆၂၄၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မြဝတီ ကုန်သွယ်ရေးဇုန်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိသော Cement Ceiling Board များ ၁၀၀၀၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀၅၈၆၄) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၆၂၂၁၁၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အရေးယူဆောင်ရွက်လျက်ရှိ
ထို့အတူ ဒီဇင်ဘာ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ သတ္တုတွင်းဦးစီးဌာန၏ ဓာတ်သတ္တုအသေးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်သက်တမ်းကုန်ဆုံးနေသော စကျင်ဆင်းတုတော်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၅၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၌ လိုင်စင်မဲ့ ANBO 125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၄၄၀၁၁၂ ဖြစ်ကြောင်းတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်