နေပြည်တော် ဒီဇင်ဘာ ၂၂
ကျေးလက်နေ ပြည်သူများ၏ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ဒေသဖွံ့ဖြိုးမှု အရှိန်ကောင်းမွန်လာစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရေတာရှည်မြို့နယ် ပိတောက်ခင်ကျေးရွာအုပ်စု သဲကောကျေးရွာ မန်ကျည်းတောင်ကွင်း မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ၅ ဒသမ ၄ ကီလိုဝပ် ဆိုလာစနစ် တပ်ဆင်ခြင်းနှင့် 3HP ရေပန့်တပ်ဆင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသထွက်ကုန်များကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးအားပေး ဆောင်ရွက်ရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးဆိုလာနှင့် ရေတင်စက်များရေရှည်အသုံးပြုနိုင်ရေး ဒေသနေပြည် သူများကဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်းပြောကြားပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ရေတင်စက်ဖြင့် နွေစပါးနှင့်ငှက်ပျောစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ စက်မှုဌာနခွဲ ယန္တရားအခြေစိုက်ရုံး(ရန်ကုန်) သို့ရောက်ရှိပြီး ယန္တရားများ ကြံ့ခိုင်မှုထိန်းသိမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ စွမ်းအားပြည့် အသုံးချနိုင်ရေးနှင့် ဝန်ထမ်းများကျွမ်းကျင်မှုမြင့်မားရေး လုပ်ငန်းများစီမံဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားပြီး လုပ်ငန်းသုံးစက်ယန္တရားများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်