Skip to main content

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်

နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော  ၇၅ နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည် ဖြစ်ပါသည်။

အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆.၀ မီလီမီတာ၊ အထူမှာ ၂.၀ မီလီမီတာရှိ၍  ဒင်္ဂါး၏ရှေ့မျက်နှာပြင် အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက် ဟု ဖော်ပြပါရှိပါသည်။ ဆင်ဖြူတော်၏အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃ ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်”  “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဟုလည်းကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင် တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “75th”၊ ပုံ၏အောက်ဖက်တွင် “16.329 gm. 2023” ဟုလည်းကောင်း၊  ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟုလည်းကောင်း ဖော်ပြထားပါသည်။  

အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၂.၀ မီလီမီတာ၊ အထူမှာ ၁.၅ မီလီမီတာရှိ၍  ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက် ဟု ဖော်ပြပါရှိပါသည်။ ဆင်ဖြူတော်၏အောက်ခြေတွင် “၅ မူးသား ၂၀၂၃ ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ် “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဟု လည်းကောင်းဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “75th” ၊  ပုံ၏အောက်ဖက်တွင် “8.164 gm. 2023” ဟု လည်းကောင်း၊  ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု လည်းကောင်း ဖော်ပြထားပါသည်။

တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့်ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည် ဖြစ်ပါသည်။

တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိပါသည်။