Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၀

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က မိမိတို့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များအလိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍအနေဖြင့် ပိုမိုအရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့ခေတ်တွင် ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ ဆောင်ရွက်နိုင်စေရန် အစိုးရ၊ ဌာနဆိုင်ရာများ၊ စွန့်ဦးတီထွင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများရှိစေရန်နှင့် မိမိတို့လုပ်ငန်းတာဝန်အသီးသီးတွင် အသုံးချဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်စနစ်ကို အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် တည်ဆောက်ရမည် ဖြစ်ကြောင်း။

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ စဉ်ဆက်မပြတ် တည်တံ့တိုးပွားစေရန် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ကို စီးပွားရေးလက်နက်တစ်ခုအဖြစ် ကျင့်သုံးလာကြ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး နိုင်ငံတော်၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတွင် အထောက်အပံ့ ဖြစ်စေနိုင်ပြီး ပြည်သူအများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးမြှင့်တင်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ် အကောင်အထည်ဖော်ရန် အချိန်သင့်နေပြီဟု ဆိုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသည့် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံး အာဏာသက်ဝင်ပြီးနောက် မူပိုင်ခွင့်မှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ နှစ်စဉ်စာရင်းပြုစုသော တီထွင်ဆန်းသစ်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ တီထွင်ဆန်းသစ်မှုကို တိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုညွှန်းကိန်း (Global Innovation Index-GII) ကို နှစ်စဉ်ထုတ်ပြန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၂၉၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၂၇ နှင့် ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၁၆ တွင်ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းအားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်တက်စေနိုင်ရန် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။

၂၀၁၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ (၄) ရပ် အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို စတင်အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးလမ်းညွှန်ခဲ့ပြီးဖြစ်သည့်အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို အမြန်ဆုံးစတင် ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် အဖွဲ့ဝင် (၃၂) ဦးရှိသည့်အနက် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ပညာရှင်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပညာရှင်နှင့် တီထွင်မှုမူပိုင်ခွင့်ပညာရှင်တို့ကိုခန့်ထားရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင် (၄) ဦး ရွေးချယ်ခန့်ထား နိုင်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်ဥပဒေများအရ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီ ဖွဲ့စည်းပြီးပါက အေဂျင်စီအတွက် လိုအပ်သည့်ပညာရှင်များ ရွေးချယ်ခန့် ထားရေးကိုလည်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးတို့တွင် အထောက်အကူဖြစ်စေ နိုင်မည့်အပြင် စွန့်ဦးတီထွင်သူများ၊ ဖန်တီးသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စသည့်မူပိုင်ခွင့်ပိုင်ရှင်များ၏ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားစေနိုင်မည်ဖြစ်ကြောင်း။

ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် ပါဝင်သော တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများ၊ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရ နှင့်ပြည်သူ အတူလက်တွဲပြီး အမြန်ဆုံးအ‌ကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မူပိုင်ခွင့်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဉီးညွှန့်အောင်က မူပိုင်ခွင့် ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများကိုရှင်းလင်းတင်ပြသည်။

ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစာတစ်ခုချင်းအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူချုပ်များနှင့် တာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။