Skip to main content

လျှပ်စစ်သုံးယာဉ် စစ်ဆေးရေးအထောက်အကူပြု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့ပူးပေါင်း၍ လျှပ်စစ်သုံးယာဉ်စစ်ဆေးရေး အထောက်အကူပြုသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်အစိုးရအနေဖြင့် လောင်စာဆီအသုံးပြုမှုနှင့် လောင်စာဆီထုတ်လုပ်သည့် နိုင်ငံများကို မှီခိုရမှုမှ လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးရည်ရွယ်၍ လောင်စာဆီသုံး ယာဉ်များအစား လျှပ်စစ်သုံးယာဉ်များဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရန်အပြင် Public Transportation အတွက် ခရီးတိုမြို့တွင်း ပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ်လုပ် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန်ဆိုသည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစိုးရဝန်ကြီးဌာနများနှင့်အတူ ပုဂ္ဂလိကကဏ္ဍအားလုံး ပူးပေါင်းပါဝင်လာရေး ဆောင်ရွက်လျက်ရှိကြောင်း၊ EV Policy ကို ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်းပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီး၌ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် လျှပ်စစ်သုံးယာဉ် စစ်ဆေးရေး အထောက်အကူပြုသင်တန်းသည် Pilot Project ကာလအတွင်း ကြိုတင်ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေကြောင်း၊ တင်သွင်း လာသည့် လျှပ်စစ်သုံးယာဉ်များ၊ အားသွင်းကိရိယာများကို တင်သွင်း၊ တပ်ဆင်၊ အသုံးပြုသည့်အခါ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရန်၊ ဘေးအန္တရာယ်ကင်းစေရန် ကြီးကြပ်ဆောင်ရွက်ရမည့် တာဝန်ရှိသူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များ၏ နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ယာဉ်စစ်ဆေးသည့်အခါတွင် အထောက်အကူဖြစ်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

EV ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်မှုတွင် ပါဝင်သည့် စနစ်များ၏ ယုံကြည်စိတ်ချရမှု၊ စွမ်းအင် သိုလှောင်မှုစနစ်၊ မော်တော်ယာဉ်၏ တုန်ခါမှုကြောင့် ရုတ်တရက် Shock Circuit နှင့် Error များကို ကာကွယ်သည့်စနစ်၊ အပူချိန်လွန်ကဲမှုကို ကာကွယ်မည့်စနစ်၊ လူကိုအန္တရာယ်မဖြစ်စေရေး သတိပေးမည့် Alarm System များပါ/မပါ၊ Specification များအတိုင်း အမှန်တကယ်တင်သွင်းလာမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးနိုင်ရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါသင်တန်းသို့ အကောက်ခွန်ဦးစီးဌာနမှ ၁၀ ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ငါးဦး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှလေးဦး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သုံးဦး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလေးဦး၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ သုံးဦး၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှနှစ်ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ငါးဦး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှသုံးဦး စုစုပေါင်း ဦးစီးဌာန/လုပ်ငန်းကိုးခုမှ သင်တန်းသားစုစုပေါင်း (၃၉) ဦး တက်ရောက်သည်။

သင်တန်းတွင် လျှပ်စစ်ယာဉ်ပေါ်၌ ပါဝင်သည့် အမှတ်အသားများနှင့် ပတ်သက်သော ရှင်းလင်းချက်၊ စံချန်စံညွှန်းအရ တည်ဆောက်ထားသည့် EV Structure နှင့် High Voltage Battery အသုံးပြု ထားခြင်းကြောင့် Insulation ပြုလုပ်ထားမှု၊ Battery အတွက် စမ်းသပ်စစ်ဆေးမှု၊ အားသွင်းစနစ်နှင့် EV ပါ Charging Modes များနှင့်ပတ်သက်၍ လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်