နေပြည်တော် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ- ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒသမအကြိမ်မြောက် အာဆီ ယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ- ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ကို ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့သည်။
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) တွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာ အထွေထွေဗဟုသုတများကို Multiple Choice , Fill in the Blank, True or False, Mixed Question ပွဲစဉ် လေးခုဖြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆုကို မလေးရှားနိုင်ငံ၊ တတိယဆုကို လာအိုနိုင်ငံတို့က ရရှိကြသည်။
အဆိုပါ အာဆီယံနိုင်ငံများမှ ကိုယ်စားပြု တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူများသည် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ ကြည့်ရှုကြပြီး ဒီဇင်ဘာ ၁၅ ရက် တွင် ရန်ကုန်မြို့ရှိ စိန်ဂျွန်း City Mall နှင့် ရန်ကုန်မြို့တွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကာ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များသည် ယမန်နေ့နှင့်ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြသည်။
အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဒေသတွင်းလူငယ်များအကြား ခိုင်မာအားကောင်းသည့် ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူပြုနိုင်စေရန် ၂၀၀၂ ခုနှစ်မှစတင်၍ အဖွဲ့ဝင် နိုင်ငံများ၏ သဘောတူညီချက်အရ နှစ်နှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။
ပထမအကြိမ်ပြိုင်ပွဲမှ အဋ္ဌမအကြိမ်အထိ လက်ခံကျင်းပခဲ့သည့် အိမ်ရှင်နိုင်ငံများက အာဆီယံ ဒေသတွင်းရှိ ကျောင်းသားလူငယ်များကို လူကိုယ်တိုင်ပါဝင် တက်ရောက်ရန် ဖိတ်ကြားခဲ့ကြပြီး in person event အဖြစ်သာ ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက် အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားမှုအခြေအနေများကြောင့် လူကိုယ်တိုင်တက်ရောက်သည့် Physical Event အဖြစ် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ Online Event အဖြစ်သာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ဗီယက်နမ်တို့က လူကိုယ်တိုင်တက်ရောက်ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ Online ဖြင့် ပါဝင်ယှဉ်ပြိုင်သည့် Hybrid ပုံစံဖြင့် စနစ်တကျ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်