နေပြည်တော် ဒီဇင်ဘာ ၁၅
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရသည့်စိတ်များ ခေတ္တခဏမျှပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင်ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆိုကပြလျက်ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက်ပျော်ရွှင်ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။
ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဒေသထွက်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။