Skip to main content

သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲ

နေပြည်တော် ဒီဇင်ဘာ ၁၅

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် သထုံ- ပဲခူး- မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့်အမှတ်(၂၇၂)အစုန် ကုန်ရထားတွဲဆိုင်းသည် သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း မိုင်တိုင်(၁၂၄/၉-၁၀)သို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ(၁၀)တွဲ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၎င်းတွဲဆိုင်းများပေါ်တွင်တင်ဆောင်ထားသည့် အိမ်ဆောက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှထွက်ခွာမည့် အမြန်ရထားခရီးစဉ်(၆)ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄၅၀၀ ဦးခန့် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့်မီးရထားသံလမ်းများ ပျက်စီးခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြန်လည်ပြုပြင်မှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သော KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ယနေ့ထိ မီးရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၁၀၂)ကြိမ်၊ မီးရထားလမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၃၄)ကြိမ်နှင့် မီးရထားဘူတာများအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း(၉)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အများပြည်သူအသုံးပြုလျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာရက်စက်စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ကြသည့် KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။