Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

( ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် )

ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ

မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား

ယနေ့ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ် အခါသမယတွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ရခိုင်ပြည်နယ်နေ့သည် ရခိုင်တိုင်းရင်းသားတို့အတွက် အရေးပါသော နေ့ရက်များစွာအနက်မှ ထူးထူးခြားခြားရှိသော နေ့တစ်နေ့ ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဇင်ဘာလ (၁၅) ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် (၄၈) နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြား ကမ်းမြောင်ဒေသ၌ တည်ရှိပါသည်။ သဘာဝပထဝီဝင် အနေအထားအရ အဖိုးတန် မြစ်၊ ချောင်း၊ အင်းအိုင်၊ ကျွန်းများဖြင့် ပြည့်နှက်လျက်ရှိပါသည်။ သဘာဝသယံဇာတပေါကြွယ်ဝပြီး ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့်အတူ ကမ္ဘာ့အလှဆုံးစာရင်းဝင် ပင်လယ်ကမ်းခြေဒေသကိုလည်း ပိုင်ဆိုင်ထားပါသည်။  

ရခိုင်ပြည်နယ်သည် ရေခံ၊ မြေခံကောင်းမွန်သော သဘာဝပထဝီဝင်အနေအထားကြောင့် ဆန်ရေစပါး၊ သားငါးနှင့် အဖိုးတန်သဘာဝ ထွက်ကုန်များထွက်ရှိသည့် ဒေသတစ်ခုလည်း ဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသားတို့၏ ချစ်မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော အခင်းအကျင်းနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ဒသမ ၁ မိုင် ကျယ်ဝန်းပြီး ခရိုင်(၅)ခရိုင်၊ မြို့နယ်(၁၇)မြို့နယ်ဖြင့် ဖွဲ့စည်းထားရာမှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင်တို့ကို ခရိုင်အဆင့်အဖြစ် တိုးမြှင့်ပေးခဲ့သည့်အတွက် ရခိုင် ပြည်နယ်သည် ခရိုင်(၇)ခရိုင်ဖြင့် ဖွဲ့စည်းထားသော ပြည်နယ်တစ်ခု ဖြစ်လာပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်ဒေသသည် ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းလင်းတောက်ပရာဒေသဖြစ်ခဲ့ပြီး မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်သည် ရှေးရခိုင်ဘုရင်များလက်ထက်မှစ၍ ယနေ့အချိန်အထိ ရဟန်း စာဆို၊ လူစာဆိုများသာမက ရခိုင်လူမျိုးပညာရှိများ၊ ပညာရှင်များများစွာ ပေါ်ပေါက်ခဲ့ပါသည်။ ရခိုင်စာပေသည် ဓညဝတီခေတ် အေဒီ (၁)ရာစုခန့်ကပင် စတင်ထွန်းကားလာခဲ့ပါသည်။ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ကြောင်း သမိုင်းဆိုင်ရာမှတ်တမ်းများအရ တွေ့ရှိရသည့်အတွက် စာပေယဉ်ကျေးမှုဓလေ့ထုံးစံ စသည်တို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါများလှသည့် ပြည်နယ်ဒေသတစ်ခုပင် ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား

ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန် အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရ ဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်သည် သဘာဝပထဝီဝင် အနေအထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခြားဒေသများနှင့်နှိုင်းစာလျှင် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့ရပါသည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများအရ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ ကိုလည်း အကောင်းဆုံးကျော်လွှားပြီး ဖြေရှင်းရန် ဆောင်ရွက်လျက်ရှိပါသည်။

ခေတ်အဆက်ဆက်အစိုးရများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် ပေးခဲ့ပါသည်။ တပ်မတော်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ကို အခြားဒေသများထက် ဖွံ့ဖြိုး တိုးတက်မှုနောက်ကျမကျန်ရစ်နေစေရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းဒေသများသို့ အချိန်မရွေး ကူးလူးသွားလာဆက်ဆံနိုင်သဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် လူမှုစီးပွားဘဝ မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ကျေးလက်နှင့် မြို့ပြကွာခြားချက်များ အနည်းဆုံးဖြစ်လာ စေရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့်ရေလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထားပြီး ဖြစ်ပါသည်။

အဆိုပါငွေကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသခံများ၏ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်ပါသည်။

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား

ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတ စသည့်အနုပညာများသည် နှစ်ပေါင်းထောင်ချီဖြစ်တည်လာခဲ့ကြပါသည်။ ထိုသို့ တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသော်ငြား ကိုလိုနီနယ်ချဲ့ လက်အောက် ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ယွင်းကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြပါသည်။

ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် အချိန်အခါဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဆွေးနွေးဖက် အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများဖြင့် မပြတ်ထိတွေ့ဆက်ဆံလျက်ရှိပါသည်။ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းချက်များအရ ပြည်နယ်အဆင့် နှစ်ဖက်သဘောထားများကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော် အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။        

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ

ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်သည် အရေးပါသောနှစ်များဖြစ်ပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့သည်လည်း ( ၇၅ ) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အားလျော်စွာ နေပြည်တော်တွင် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနုပညာရှင်များ ပါဝင်သော ဂီတပဒေသာကပွဲကို စည်ကားစွာကျင်းပခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍လည်း အားကစားပြိုင်ပွဲများ၊ စာပေနှင့်အနုပညာပြပွဲများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များဖြင့် လှည့်လည်ပြသခြင်း၊ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ပြခန်းများနှင့် ရိုးရာအစားအသောက်များ ကျွေးမွေးဧည့်ခံရောင်းချပေးခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လွတ်လပ်ရေး၏ အသီးအပွင့်ကို ပြည်သူများသိမြင်ခံစားနိုင်စေရန် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမွီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့်တိုင်းရင်းသားများနှင့် အတူယှဉ်တွဲ နေထိုင်လျက်ရှိကြပါသည်။ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးတို့ပေါ်တွင် မှီတည်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ပြည်နယ်သူ၊ ပြည်နယ်သားများ၏အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို ထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့ အပ်ပါသည်။

          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

          နိုင်ငံတော်ဝန်ကြီးချုပ်

          ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ