နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြန်ကြည့်လျှင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ မျက်မှောက်ကာလအထိ ပြည်တွင်း/ပြည်ပမှ မသမာသူတို့၏ သွေးခွဲမှုအမျိုးမျိုးတို့ကြောင့် အချင်းချင်း စိတ်ဝမ်းကွဲမှုများကို တွေ့ရမည်ဖြစ်သည်။
ကိုလိုနီနယ်ချဲ့အစိုးရက တောင်တန်းပြည်မ သွေးခွဲအုပ်ချုပ်မှုပုံစံ အမျိုးမျိုးဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သောကြောင့် တိုင်းရင်းသားများကြားတွင် အယူအဆကွဲပြားမှုများ ဖြစ်လာပြီး ပဋိပက္ခများ ယနေ့ထက်တိုင်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာသောအခါ သွေးခွဲခဲ့သည့် ဆိုးမွေများကြောင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောအခါ ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ အားပြိုင်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ အယူဝါဒကွဲပြားမှုတို့ကြောင့် လက်နက်ကိုင် ပုန်ကန်မှုများအထိ ဖြစ်ပေါ်လာခဲ့သည်။ ကိုလိုနီစနစ်၏ သွေးခွဲမှုနှင့် အာဏာရပါတီ များအကြား ဝါဒပြိုင်မှုများကြောင့် ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။
တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သော အားနည်းချက်များကို သင်ခန်းစာယူ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံ့တာဝန်ယူ ခဲ့သောအခါ ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲ နိုင်ရေး ဆောင်ရွက်ခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် ဒီမိုကရေစီစနစ်နှင့် ဆီလျော်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူ လူထုနှင့်အလွှာပေါင်းစုံမှ အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသား ညီလာခံတွင် ဆွေးနွေးအတည်ပြုပြီး ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ပြည်သူများ၏ ထောက်ခံအတည်ပြုမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရပထမသက်တမ်းတွင် နိုင်ငံတော်ကို တပ်မတော်နှင့်အတူလက်တွဲ၍ တည်ဆောက်ခဲ့သည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် အစိုးရ၏အတွေ့အကြုံမရှိမှု၊ စီမံခန့်ခွဲမှု အားနည်းမှုများကြောင့် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်လာပြီး ထိုစဉ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝများတွင် ထိခိုက်မှုများ ပိုမိုဖြစ်ပေါ် လာခဲ့သည်။ ထို့အပြင် နိုင်ငံရေးကိုအသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် လွဲမှားသောလုပ်ဆောင်မှုများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရေစီ တတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ပြုလုပ်သောအခါ အာဏာရပါတီသည် အနိုင်မဲများရရှိရေးအတွက် မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အာဏာရပါတီသည် ကြုံတွေ့ရမည့်ပြဿနာ များကို ရင်ဆိုင်ရာ၌ အစောပိုင်းကာလကတည်းက ပြည်သူများအကြား၊ လူ့အသိုက်အဝန်းများအကြားတွင် သဘောကွဲလွဲမှုအမျိုးမျိုးတို့ကို ဖန်တီးခဲ့ကြသည်။ တပ်မတော်သည် နိုင်ငံတော်၏တာဝန်များကို အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်သောအခါ နိုင်ငံရေးအရ ပြည်သူများအကြား သွေးခွဲပေးခဲ့သည့်ရလဒ်များအဖြစ် ဆူပူအကြမ်းဖက်မှုများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်ကို မည်သို့သောအခြေအနေ ဖန်တီးခဲ့ကြသည်ဖြစ်စေ တပ်မတော် သည် အများပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေး အတွက် ဆက်လက်လုပ်ဆောင်နေပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖည်သွားမည် မဟုတ်ပေ။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ကို ယူထားခြင်းဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်ကို အကြောင်းပြု၍ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အချင်းချင်းသဘောကွဲလွဲမှုများ တာရှည်ဖြစ်ပေါ်လာပါက စည်းလုံးညီညွတ်မှုပျက်ပြားပြီး တိုင်းပြည်ပြိုကွဲပျက်စီးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထား ကွဲလွဲမှုများဖြစ်ခဲ့သည့် သင်ခန်းစာများရရှိခဲ့ပြီးဖြစ်ရာ တိုင်းရင်းသား ပြည်သူအားလုံး စုစည်းညီညွတ်သည့်အင်အားဖြင့် ခိုင်မာသည့် စည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ရန်အတွက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်နေသည့် ရည်မှန်းချက်များအောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။