နေပြည်တော် ဒီဇင်ဘာ ၁၃
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Basque Culinary Center (BCC)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံ နာရာမြို့၌ ကျင်းပသော (၇)ကြိမ် မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အွန်လိုင်းမှ ပါဝင် တက်ရောက်သည်။
အမှာစကား ပြောကြား
ဖိုရမ်ဖွင့်ပွဲတွင် ဂျပန်နိုင်ငံ နာရာပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Shogo Arai ၊ နာရာ ခရီးသွားဗျူရို ညွှန်ကြားရေးမှူးချုပ် Ms. Hirata Chieko၊ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူး Dr. QU Dongyu၊ Basque Culinary Center(BCC) အထွေထွေမန်နေဂျာ Mr. Joxe Mari Aizega၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili နှင့် ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့် မြေယာ၊ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ပြည်နယ်ဝန်ကြီး Mr.Hiroo Ishii တို့က အမှာစကားပြောကြား ကြသည်။
ထို့နောက် ဂျပန်နိုင်ငံ၏ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေယာ၊ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်း အေဂျင်စီ ကော်မရှင်နာ Mr. Koichi Wada က ဂျပန်နိုင်ငံ အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ Green –Star Restaurant Mr. Massayuki Miura က အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း အနာဂတ်မျှော်မှန်းချက်များ ချမှတ်ခြင်းတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ဖိုရမ်အစီအစဉ်အရ အမျိုးသမီးနှင့် လူငယ်များ၏ ပင်ကိုစွမ်းရည်၊ အစားအသောက်များ အလေအလွင့်မရှိစေရေး၊ ကမ္ဘာမြေကြီးနှင့် လူသားတို့၏ အနာဂတ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရေးနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းစိန်ခေါ်မှုများ အစရှိသည့် ခေါင်းစဉ်များကို အပိုင်းသုံးပိုင်းခွဲခြား၍ ဆွေးနွေးကြ မည်ဖြစ်သည်။
အဆိုပါဖိုရမ်ကို အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက အလေ့ အကျင့်ကောင်းများနှင့် အတွေးအမြင်သစ်များကို ဝေမျှပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ အလွန်တွင် ပြန်လည် ထူထောင်လာနိုင်စေရေး ရည်ရွယ်၍ “Gastronomy Tourism for People and Planet: Innovate, Empower and Preserve” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု အထူးပြုဘာသာရပ်ကို သင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
ဆွေးနွေးမှာကြား
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းဘာသာရပ်များကို တက္ကသိုလ်အဆင့် ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်များ သင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနမှအရာထမ်းများနှင့် ခရီးသွားကျွမ်းကျင်သူများ၊ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ လာရောက်သင်ကြားပို့ချပေးခဲ့မှုများ၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခဲ့မှုများ၊ ပြည်ပခရီးသွား တက္ကသိုလ်များနှင့် Student Exchange Program ဆောင်ရွက်ခဲ့မှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များတွင် လက်တွေ့လေ့လာသင်ယူနိုင်ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာနီလာမြင့်ထူးက ဒီပလိုမာနှင့် ဘွဲ့သင်တန်းများ သင်ကြားပေးနေမှုများနှင့် ဆက်လက်ဖွင့်လှစ်ပို့ချမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်