နေပြည်တော် ဒီဇင်ဘာ ၁၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျင်းပသည်။
ကြိုးပမ်းဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်အတူ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်လာပါကြောင်း၊ ယခုထက် ပိုမိုတိုးတက်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြေနေရာ၊ လမ်းပန်းဆက်သွယ်ရေး အနေအထားအရလည်းကောင်း၊ လုံခြုံရေးအနေအထား အရလည်းကောင်း ခက်ခဲသောဒေသများအတွက် လွှမ်းခြုံမှုအားနည်းနေသော်လည်း ဒေသရှိ ဌာနဆိုင်ရာအသီးသီးနှင့် ညှိနှိုင်း၍ တိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုအနေဖြင့် ယခုအခါ တစ်ရာခိုင်နှုန်းအောက် ဖြစ်သော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိမှုနှုန်း လေးရာခိုင်နှုန်း ပတ်ဝန်းကျင်တွေ့ရှိနေရသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း။
ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများအနေဖြင့် ဆေးကုသမှုအရည်အသွေး ကောင်းမွန်အောင်၊ လူနာများ၊ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများက စောင့်ကြပ်ကြည့်ရှု၍ ကြီးကြပ်ပေးကြရန်ဖြစ်ကြောင်း၊ မကူးစက်နိုင်သောရောဂါများအတွက် ဆေးဝါးများ ဖြန့်ဖြူးထားရှိရာ မကူးစက်နိုင်သော ရောဂါကုသ ဆေးခန်းများ အားဖြည့်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေးနှင့် မွေးကင်းစကလေး သေဆုံးမှုနှုန်းများအနေဖြင့် ကျဆင်းလာသော်လည်း သတ်မှတ်စံနှုန်း ပြည့်မီစေရေးအတွက် မိခင်၊ ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း မလစ်ဟင်းရအောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း။
ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိစေရေး အတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် ကုသမှုအရည်အသွေး ကောင်းမွန်စေရန်၊ ဆက်ဆံရေးကောင်းမွန်စေရန်၊ ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရန်တို့ကိုလည်း အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်နှင့်ကိုက်ညီသည့် နည်းလမ်းများကို ကြိုတင်ကြံဆကာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များကို ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်