Skip to main content

မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့်  လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်   နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌  ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးစိုးဦး က ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်  မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများပေါ်တွင် အခြေခံ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊  ယခုအခါ ပဲခူးတိုင်းဒေသကြီး ၂၈  မြို့နယ် အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သော လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ရှိလာသည့် နှစ်ကြိမ်၊  သုံးကြိမ်၊ လေးကြိမ်နှင့် အထက်ထပ်နေသည့် စာရင်းများရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ စိစစ်၍ အမြန်ဆုံးပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်၏ ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် အချက်များနှင့် စပ်လျဉ်း၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e- Government ဌာနမှ ညွှန်ကြားရေးမှူး  ဦးမြတ်ထွန်းဦးက ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး  ဦးအောင်မင်း က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ၊ ပဲခူးတိုင်းဒေသကြီး နယ်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ အရာထမ်းများ၊ စုစုပေါင်းအင်အား ၁၀၃  ဦး တက်ရောက်ကြပြီး  ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်