Skip to main content

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၈

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းကြီးနှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့် ဒေါ်အေးနုစိန်နှင့် ဦးမောင်ဟာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေး သမားတော်ကြီး ဦးသန်းညွန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်းကို ဖွင့်လှစ်ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ မျက်မှောက်ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာ တစ်ရပ်ဖြစ်ပြီး မြန်မာ့တိုင်းရင်း ဆေးပညာ၏ ပင်မရေသောက်မြစ်ဖြစ်သည့် ဒေသနာ နယ၊ ဘေသဇ္ဇ နယ၊ ဝိဇ္ဇာဓရနယနှင့် နက္ခတ္တနယ ဟူသော နယကြီးလေးပါးတို့ကို အခြေတည်ထားသော လက်တွေ့ ကုသပျောက်ကင်းမှု မှတ်တမ်းများကို အခြေပြု၍ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်စသည့် ခေတ်အဆက်ဆက်တွင်လည်း ဆေးပညာဆိုင်ရာ ပေပုရပိုဒ်များ၊ စာပေကျမ်းဂန်များနှင့် ဆေးကျမ်းများ ရေးသားပြုစုကာ တိုင်းရင်းဆေးပညာကို ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို (၂၀၀၀) ပြည့်နှစ်က စတင်၍ နိုင်ငံတော်အဆင့် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၂၁) ကြိမ်မြောက် ရှိပြီဖြစ်သည့်အခြေအနေများ၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သုတေသနများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး သုတေသနတွေ့ရှိချက်များကို မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံနှင့် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများတွင် တင်သွင်းဖတ်ကြားကြခြင်းဖြင့် ပိုမိုကောင်းမွန်ပြည့်စုံသော သုတေသနများ ဆက်လက်ဆောင်ရွက်လာနိုင်စေပြီး တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အခြေအနေများ၊ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲနှင့် ညှိနှိုင်းဆွေးနွေးနိုင်မည့် အခြေအနေများ၊ အဆိုပြုချက်များ၊ ထောက်ခံချက်များ၊ တင်ပြဆွေးနွေးချက်များမှ ထွက်ပေါ်လာသော လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အခြေအနေများ၊ မျိုးဆက်သစ်တိုင်းရင်းဆေး သမားတော်များ အနေဖြင့်လည်း မြန်မာတိုင်းရင်းဆေးပညာကို ဂုဏ်ယူဝင့်ကြွားစွာ ချပြနိုင်ရန်နှင့် သုတေသနလုပ်ငန်းများ စနစ်တကျလုပ်ကိုင်းပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ မြန်မာတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းသည် နိုင်ငံတော်၏ MSME လုပ်ငန်းများ အောင်မြင်ရေးတွင်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်သည့်အတွက် နိုင်ငံတော်၏ GDP တိုးတက်မြင့်မားမှုကိုလည်း အထောက်အကူပြုနိုင်မှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးထုတ်လုပ်ရေး လုပ်ငန်းများ၏ လိုအပ်ချက်များကိုအတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း Video ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ဆက်လက်ကျင်းပသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ကိုတက်ရောက် လာကြသည့် ကိုယ်စားလှယ်တော်ကြီးများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ညစာစားပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။ ညစာစားပွဲအပြီးတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများအား (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။