Skip to main content

ကုန်ထုတ်စွမ်းအားမြှင့်တင်မှ နိုင်ငံစီးပွားတိုးတက်မည်

မြန်မာနိုင်ငံသည် စိုက်ပျိုးစီးပွားရေးကို အခြေခံသည့်တိုင်းပြည်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ကိုင်ကြသည်။ ထို့ကြောင့်ကုန်ထုတ်စီးပွားလုပ်ငန်းများကို ယခုထက်ပိုမိုမြှင့်တင်ဆောင် ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှု စီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်သည်။

ကျေးလက်စီးပွား ကုန်ထုတ်လုပ်ငန်းများကိုလေ့လာကြည့်မည်ဆိုပါကရှိပြီး ရေခံ၊ အခြေခံ ကောင်းပေါ်တွင် သမားရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်းများသောအားဖြင့် လုပ်ကိုင်ကြသည်။ ရေခံ၊ မြေခံ၊ အခြေခံကောင်းများနှင့် စွမ်းအားအရင်းအမြစ်များရှိနေသော်လည်း ခေတ်မီနည်းစနစ်၊ သုသေတနရှာဖွေဖော်ထုတ်မှုအသစ်များဖြင့် ဆောင်ရွက်နိုင်မှုအားနည်းသောကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင် ထင်သလောက်ခရီးမပေါက်ဖြစ်နေသည့် သဘောရှိသည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာအစိုးရဌာန ဆိုင်ရာများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကျေးလက်နေပြည်သူလူထုများမှ ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။

နိုင်ငံသားတိုင်း အသက်ရှင်နေထိုင်ရန်အတွက် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဧက စုစုပေါင်း ၁၃ သန်းခန့်ရှိပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့်ဝါကို အဓိကစိုက်ပျိုးကြသည်။အချို့နေရာများတွင် တစ်သီးစားနှင့် နှစ်သီးစား စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိကစိုက်ပျိုးကြရာ နိုင်ငံအတွင်း လူတစ်ဦး တစ်နှစ်ဆန်စားသုံးမှုမှာ (၁၅၅ KGခန့်) စားသုံးသဖြင့် ပြည်တွင်း၌ ဆန်ဖူလုံမှုရှိသည်။ မျိုးကောင်း မျိုးသန့်ဖြင့် အထွက်တိုးစိုက်ပျိုးလျှင် ပြည်ပသို့နှစ်စဉ် တင်ပို့နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်မည် ဖြစ်ပါသည်။ ထို့ကြောင့်ဆန်ကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများစားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် ဝဝလင်လင် စားသုံးနိုင်ရေးအတွက်အဓိက စားသုံးသည့် ဆန်နှင့်ဂျုံကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်နေသည်။ ထို့အပြင် အခြားသောဖြည့်စွက်စားကုန်များကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင် အောင် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နှစ် ထက်တစ်နှစ် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုမှာများပြားလာသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် နေရာဒေသမရွေးစိုက်ပျိုးနိုင်သော၊ စားသုံးဆီထုတ်လုပ် ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သော တစ်ဧကဆီထွက်နှုန်း ပိဿာ(၁၄၀)ခန့်ရရှိနိုင်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအား လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။

၂၀၂၂ -၂၀၂၃ စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို တစ်နိုင်ငံလုံး စိုက်ဧက ၁ ဒသမ ၅ သန်း ကျော် စိုက်ပျိုးထုတ်လုပ်နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးချေးငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေးခွင့်ပြုထားပြီး လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆီနှင့်ပတ်သက်၍ စက်မှုသုံးဆီနှင့် စားသုံးဆီနှစ်မျိုးရှိသည်။ စက်မှုသုံး ဆီကို လျှော့ချ၍ မဖြစ်နိုင်သော်လည်း စားသုံးဆီကို ပြည်သူများအနေဖြင့် လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်လည်းသက်သာ၊ ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသည့် သီးနှံများအနက် ဆန်နှင့် မြေပဲသီးနှံတို့သာ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကျန်သီးနှံများနှင့် ဆီထွက်အခြား သီးနှံများ ကို ထပ်မံကြိုးစားစိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်။ ထို့ကြောင့်စိုက်ပျိုးသီးနှံဆီထွက် နေကြာစိုက်ပျိုးရေးကို ဒေသအလိုက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ဧကများကို လည်း တိုးချဲ့၊ အထွက်နှုန်းလည်း တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်သူများကလည်း ဆီကို ချွေတာသုံးစွဲကြပါက၊ ပြည်သူများဝင်ငွေ၊ နိုင်ငံ့ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေး သွင်းအားစုများအပြင် စိုက်ပျိုးရေရရှိရေးတို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက် လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်ငန်း များ တိုးတက်လာအောင်ကြိုးပမ်း ဆောင်ရွက်ကြလျှင် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အကျိုးစီးပွားကို ရည်မှန်းကာ ဝေမျှလိုက်ရပါသည်။

DOCA(ရန်ကုန်)