တောင်တန်းများ၊ ကမ်းရိုးတန်းလွင်ပြင်များကို ပိုင်ဆိုင်ထားပြီးမိုးရေလက်မ လုံလောက်စွာရရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများသည် ရော်ဘာစိုက်ပျိုးရန် သင့်လျှော်သည့် မြေခံ၊ ရေခံနှင့်ရာသီဥတုကောင်းအားပိုင်ဆိုင်ထားပါသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံလုံး တွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးနှင့်ထုတ်လုပ်မှုပမာဏ အများဆုံးထွက်ရှိသော ပြည်နယ် တစ်ခုဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ ရော်ဘာထုတ်လုပ်မှုပမာဏ အများဆုံး ပိုင်ဆိုင်ထား သည့်အလျောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်း အပေါ်အခြေပြု၍ ရောင်းဝယ်မှုကို အဓိကပြုလုပ်ကြသည်။ ပြည်ပဝယ်လက်များမှလည်း ရော်ဘာတန်ချိန်ပမာဏ သိန်းချီလိုအပ်သည့်အခါတွင် မွန်ပြည်နယ်သို့အဓိကထား၍ ချိတ်ဆက်လျက်ရှိသည်။ ထိုအခါ မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များသည် အိမ်နီးချင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ညှိနှိုင်းရောင်းဝယ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် ရော်ဘာအား အရည်နှင့်အစိုင်အခဲ(အပြား/အတုံး)ပုံစံများဖြင့် ထုတ်လုပ်၍ စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းများအဖြစ်ပြန်လည်အသုံးပြုကြသည်။ ၎င်းတို့မှာ-
• Concentrated Latex ရော်ဘာအစေးရည်
• TSR (Technically Specified Rubber )နှင့်
• RSS (Ribbed Smoked Sheet) တို့ဖြစ်သည်-
Concentrated Latex ရော်ဘာအစေးရည်ဟူသည်မှာ ရော်ဘာအပင်မှရရှိသည့် ရော်ဘာ အစေးရည်အား ရော်ဘာအသားပါဝင်မှုအသားတင် ၆၀ ရာခိုင်နှုန်းရရှိအောင် ပြန်လည်သန့်စင် ထားသည့်ပျော်ရည်(အစေးရည်)ဖြစ်သည်။ရော်ဘာအပင်မှခြစ်၍ရရှိသောရော်ဘာအစေးရည်တွင် DRC-Dry Rubber Content ဟုခေါ်သည့် ရော်ဘာပါဝင်မှုပမာဏ ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင် နှုန်း ရေဓါတ် ၅၀မှ ၆၀ ရာခိုင်နှုန်းနှင့် အခြားဓါတ် ၁၀ ရာခိုင်နှုန်းပါဝင်သည်။ ထိုပျော်ရည် (အစေး ရည်) အား ရေဓါတ်ပါဝင်မှုလျော့ချ၍ အသားတင်ရော်ဘာ အသားပါဝင်မှု ၆၀ ရာခိုင်နှုန်း ရရှိ စေရန် သန့်စင်ပြီးထိုသို့သန့်စင်ထားသည့် ရော်ဘာပျော်ရည်(အစေးရည်)အား စက်မှုလုပ်ငန်းများ တွင် ပြန်လည်အသုံးပြုရန်အတွက် ရောင်းချကြသည်။ သန့်စင်ထားသည့် ရော်ဘာပျော်ရည် (အစေးရည်) အားသားရေကွင်း၊ လက်အိတ်၊ ဘောလုံးနှင့်ဖော့ကဲ့သို့သော ပစ္စည်းများထုတ်လုပ် ရန်အတွက် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် ထိုသို့သန့်စင်ထားသည့် ရော်ဘာအစေးရည်အား မခဲစေရန်အတွက် အစေးရည်အား ကြာရှည်ခံအောင် ထားသိုနိုင်မည့်လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။
ဒေသတွင်းဈေးကွက်နှင့် လုပ်ငန်းအခြေအနေ
မြန်မာနိုင်ငံရှိ ရော်ဘာလုပ်ငန်းအများစုမှာ ခြံရှင်ငယ်များဖြစ်ကာ၊ ခြံရှင်ငယ်များပြား ခြင်းကြောင့် ရော်ဘာထုတ်လုပ်သည့် အရည်အသွေးအားဖြင့် တသမတ်တည်း တန်းညှိ၍ ထုတ်လုပ်ရန်ခက်ခဲလျက်ရှိပြီး ခြံရှင်ငယ်အများစုမှာအရည်အသွေးနိမ့်သည့် ရော်ဘာကုန်ကြမ်း များကိုသာ ထုတ်လုပ်နေကြသည့် အစဉ်အလာရှိနေသည်။ ရော်ဘာထုတ်ကုန်အား အချိန်တို အတွင်းထုတ်လုပ်၍ ဈေးကွက်သို့ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိရန်အတွက် ဦးစားပေးကာ ထုတ်လုပ်နေကြသဖြင့် ထုတ်လုပ်မှု အရေအတွက်များသော်လည်း အရည်အသွေးမြင့် ရော်ဘာ များကို ပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်ကြသည်။ ရော်ဘာအခြေပြု တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှသာ ပြည်တွင်းရော်ဘာကုန်ကြမ်း ဝယ်ယူသုံးစွဲမှု မြင့်တက်လာမည်ဖြစ်ပြီး ပြည်တွင်းရော်ဘာဈေးကောင်းရရှိကာ ဈေးကွက်ခိုင်မာလာမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မြန်မာ့ရော်ဘာကုန်ကြမ်းကို ပြည်ပသို့အဓိကတင်ပို့မှု အားထားနေရသောအိမ်နီးခြင်းနိုင်ငံများ၏ နယ်စပ်ဂိတ်များမှ တရားဝင်ပို့ဆောင်ခွင့်ရရှိခြင်းရှိမရှိနှင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် တရားဝင်ကုန်သွယ်ခြင်းရရှိမှု အခြေအနေများသည်လည်း ဈေးကွက်စိန်ခေါ်မှုကြီးနေဆဲဖြစ် သည်။ ရော်ဘာနှင့်ပတ်သက်သော စိုက်ပျိုးမှု၊ ထုတ်လုပ်မှုတို့၏ ကိန်းဂဏန်းအချက်အလက်များ မှာ ပြည့်စုံစွာရှိသော်လည်း ဒေသအလိုက် ရော်ဘာကုန်ကြမ်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက် သည့် ကိန်းဂဏန်းအချက်အလက်များမှာ သေချာခိုင်မာစွာမရှိနေပေ။
ပြည်တွင်းဈေးကွက်အခြေအနေ
ပြည်တွင်းဈေးကွက်အခြေအနေဖြင့် ရော်ဘာကုန်ကြမ်းကို အသုံးပြုပြီးရော်ဘာတန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်သောစက်ရုံနှင့် လုပ်ငန်းများမှာလည်းပြည်ပမှ သွင်းကုန်အဖြစ် ဝင်ရောက် လာသောဈေးကွက်ကို ယှဉ်ပြိုင်နှိုင်စွမ်းနည်းနေသည်။ ပြည်တွင်းရော်ဘာထွက်ကုန် အသုံးပြုနိုင် သည့် ဈေးကွက်မခိုင်မာခြင်းကြောင့် ဈေးကွက်မတည်ငြိမ်ခြင်းနှင့် ဈေးကောင်းမရရှိခြင်း အကြောင်းရင်းကိုဖြစ်စေသည်။ အရည်အသွေးမြင့် ရော်ဘာကုန်ကြမ်းများအား ထုတ်လုပ်ရန် အတွက် လိုအပ်သည့် နည်းပညာအကူအညီ၊ ဓါတုကုန်ကြမ်းသွင်းအားစုများ မပြတ်ရရှိရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့မှာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့် အခြေအနေဖြစ်နေဆဲပင်ဖြစ်ပြီး ပြည်တွင်းရော်ဘာ ဈေးကွက်ခိုင်မာမှုအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေဆဲဖြစ်ပါသည်။ အထက်ပါစိန်ခေါ်မှုများကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မှသာ ရော်ဘာအခြေပြု စက်ရုံ လုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလက်မှုများ တိုးတက်ထွန်းကားလာပြီး ပညာတတ်မဟုတ်သော အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးလာနိုင်မည်ဖြစ်ကာ ရော်ဘာလုပ်ငန်းကိုမှီခိုနေကြရသောအခြေခံတောင်သူများ၏ လူမှုစီးပွားရေးဘဝ မြင့်တက်လာမည် ဖြစ်ပါသည်။
DOCA(မွန်)