Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစီးနင်းအသုံးပြုလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ခရီးသွားပြည်သူများ သွားလာလှုပ်ရှားရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက YBS ခရီးသည်တင်ယာဉ်များအား မြို့နယ်အနှံ့ပြေးဆွဲပေးလျက်ရှိသကဲ့သို့ မသမာသူလူအုပ်စုများအနေဖြင့်လည်း အဆိုပါ YBS ခရီးသည်တင်ယာဉ်များအား စီးနင်းအသုံးပြုသည့် ခရီးသွားပြည်သူများအားလူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့်ကြည့်စုံစမ်းဖမ်းဆီးခြင်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နေ့ညမပြတ် သတင်းဖော်ထုတ်၊ စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ YBS ယာဉ်များပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင်ထားသည့် TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၊ ခရေပင်လမ်းနှင့် ဒညင်းကုန်းလမ်းဆုံမီးပွိုင့်တို့တွင် အဖွဲ့ငယ်များခွဲကာ သတင်းအရစောင့်ဆိုင်းလျက်ရှိစဉ် နံနက် ၈ နာရီခွဲတွင် အဆိုပါယာဉ်အား ပြည်လမ်းနှင့် ခရေပင်လမ်းဆုံမီးပွိုင့်၌ တွေ့ရှိစစ်ဆေးရာ ယာဉ်ပေါ်မှယာဉ်မောင်းနှင်သူ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ ဘိုဘိုပြည့်(ခ) ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူများဖြစ်သည့် ကိုကိုအောင်(ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင်ညွန့်၊ စိုးပိုင်(ခ) ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မိုင်းပွန်စော်ဘွား လမ်းနေ ခိုင်မင်းဦး (ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည့်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ (၄၂)နှစ်တို့ ခြောက်ဦးကို ဖမ်းဆီးရမိခဲ့သည်။

တွေ့ရှိဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အတွင်းဆက်လက်ရှာဖွေခဲ့ရာ ၎င်းတို့ ခါးပိုက်နှိုက်မှု များကျူးလွန်ခဲ့ရာမှရရှိခဲ့သည့် အလေးချိန် တစ်ပဲလေးရွေးခန့်ရှိ မောင်းကွင်းပုံ ရွှေလက်စွပ် တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံရှစ်လုံးနှင့် ငွေစက္ကူရောရာ ၈၀၀၀၀ တို့အား ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့ခြောက်ဦးသည် ကိုကိုအောင်(ခ) ကိုအောင် ၏ဦးဆောင်မှုဖြင့် YBS ယာဉ်များပေါ်သို့တက်ကာ ခရီးသွားပြည်သူများထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများကို ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ကြကြောင်း၊ ထိုသို့ ကျူးလွန်ရာတွင် ညီညီ၊ ခိုင်မင်းဦး(ခ)ဖိုးသားနှင့် ပြည့်ဖြိုးကို(ခ) ကုလားတို့က လူကာပေးပြီး ကိုကိုအောင် (ခ) ကိုအောင်နှင့် စိုးပိုင် (ခ)ဗိုက်ပူတို့က ခါးပိုက်နှိုက်ယူကာ ဘိုဘိုပြည့် (ခ) ကိုပြည့် မောင်းနှင်သည့်မော်တော်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူတရားခံခြောက်ဦးနှင့် ကျူးလွန်ရာမှရရှိသည့် အလေးချိန် တစ်ပဲလေးရွေးခန့်ရှိ မောင်းကွင်းပုံ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ရှစ်လုံးနှင့် ငွေစက္ကူရောရာ ၈၀၀၀၀ ၊ ၎င်းတို့ စီးနင်းအသုံးပြုခဲ့သည့် YGN 3H-4879 TOYOTA Probox တစ်စီးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့မှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်မှုများ ပူးပေါင်းကျူးလွန်သူ တရားခံခြောက်ဦးကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး ဒုစရိုက်သမားများ၏ သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်