နေပြည်တော် ဒီဇင်ဘာ ၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ထမ်းများ နိုင်ငံရပ်ခြားအတွေ့အကြုံရရှိစေရန်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ယဉ်ကျေးမှုကိုသိရှိစေရန်နှင့် ရရှိလာသော အတွေ့အကြုံဗဟုသုတများကိုအခြေခံ၍ မိမိတို့၏စွမ်းဆောင်ရည်များ တိုးမြှင့်လာစေရန်ရည်ရွယ်ပါကြောင်း၊ ရရှိလာသည့်အတွေ့အကြုံများကို မိမိဌာန၊ မိမိနိုင်ငံအတွက် မည်ကဲ့သို့လက်ဆင့်ကမ်းမျှဝေအသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိဘဝတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသားများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံတိုင်းရင်းသားရေးရာကိစ္စရပ်များကို ဖော်ဆောင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြပြီး မြန်မာနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းတို့နှင့် လာအိုနိုင်ငံရှိ တိုင်းရင်းသားများ၏ယဉ်ကျေးမှုများသည် ဆင်တူနီးပါးဖြစ်ကြသည့်အတွက် နှစ်နိုင်ငံအကြား တိုင်းရင်းသားလူမျိုးများ၏ ဥပဒေ၊ နည်းဥပဒေတွင်ပါရှိသည့် အခွင့်အရေးနှင့်တာဝန်များ ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှုနှင့်စာပေများကို အပြန်အလှန်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရန်၊ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးညီလာခံများကို နှစ်စဉ် မဲခေါင်ဒေသ (၆)နိုင်ငံတွင် အလှည့်ကျကျင်းပနိုင်ရေးဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့်လေ့လာရေးခရီးစဉ်များကိုဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကဲ့သို့ မဲခေါင်ဒေသရှိအခြားနိုင်ငံများမှလည်း စီမံချက်တင်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများနှင့်သက်ဆိုင်သည့် ပွဲတော်များအားကျင်းပရန် စသည့်အချက်များကို သဘောတူချမှတ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက လာအိုခရီးစဉ် သွားရောက်ရသည့်ရည်ရွယ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)