နေပြည်တော် ဒီဇင်ဘာ ၄
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ထုတ်လုပ်မှု ဖြစ်စေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက အောင်ပန်းမြို့ သုတေသန ဗဟိုဌာနသို့ သွားရောက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ဒေသအလိုက်၊ သီးနှံအလိုက် တောင်သူအကျိုးစီးပွား ဖြစ်ထွန်းစေမည့် သီးနှံပုံစံ အစီအမံများရေးဆွဲချမှတ်ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဒေသနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများနှင့် နည်းပညာများ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအပိုင်းက ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ နှင့် သီးထပ်သီးညှပ် တိုးမြှင့်စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ ရေငတ်ဒဏ်ခံအထွက်ကောင်း ဂျုံမျိုးများ စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဟဲဟိုးနှင့် ဒီးမော့ဆို (ပထမနှစ်) ဝင်ခွင့်ရရှိသော ကျောင်းသား ကျောင်းသူများ လက်ခံ ထားရှိမှုနှင့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အသေးစားဓာတ်ခွဲခန်းနှင့် မွေးမြူရေးခြံများ တည်ဆောက်ထားရှိမှု၊ နွား၊ ဝက်၊ ဥစား ကြက်၊ အသားတိုးကြက်၊ ဆိတ်များမွေးမြူရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) မွေးမြူရေး လုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံကာ ရှမ်းပြည်နယ်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ထုတ်လုပ် နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေး ကြပြီး ရှမ်းပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဘေးဒုက္ခခံစားနေရသော ဒေသရှိ ပြည်သူများထံ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ်-၃ အရ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာများကို ဒုတိယဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
သတင်းစဉ်