နေပြည်တော် နိုဝင်ဘာ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီး ဌာနမှစောင့်ရှောက်ထားရှိသော ကလေးသူငယ် ၃၃ ဦးအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ပြီး လူငယ်သင်တန်းကျောင်း ဧရိယာအတွင်း၌ ပြန်လည်ထူထောင်ရေးဦးစီးဌာနအတွက် ရွေးချယ်သတ်မှတ်ပေးထားသည့်မြေနေရာ၊ တစ်သျှူးငှက်ပျောစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် သင်တန်းသားအိပ်ဆောင် ဆောက်လုပ်ရန်လျာထားမြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း တာဝန်ခံကျောင်းအုပ်က သင်တန်းသား ၂၉၉ ဦးအား စောင့်ရှောက်ပေးမှုကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးကကျောင်း၏လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ သင်တန်းသားအချင်းချင်းခိုက်ရန် ဖြစ်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များကို စာတွေ့လက်တွေ့လေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက် လျာထားဆောင်ရွက်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆရာဝန်များကို စေတနာ့ဝန်ထမ်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် သင်တန်းသားများအပေါ် စိတ်ရင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနေသော သင်တန်းသားများ၊ အစည်းအဝေးခန်းမ၌တိုင်းလူမှု ဝန်ထမ်းရုံး၊ ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မန္တလေးလူငယ်သင်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ဒုတိယညွှန်ကြားရေးမှူး ဦးသီဟအောင်က သင်တန်းသား ၃၈၄ ဦး စောင့်ရှောက်ထားမှု၊ မူလတန်းကြိုကျောင်းများရှိ ကျောင်းအုပ်ကြီးများက မူကြိုကျောင်းများအလိုက် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသား အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် နေ့လယ်စာကျွေးမွေးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနေသော သင်တန်းသားများကို တွေ့ဆုံအားပေးနှစ်သိမ့်ကာ သင်တန်းကျောင်းစည်းကမ်းများနှင့်အညီ လိမ္မာယဉ်ကျေးစွာနေထိုင်သွားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးမူလတန်းကြိုကျောင်း အမှတ်(၁)နှင့် အမှတ်(၂)တို့သို့သွားရောက်ပြီး ကလေးငယ်များအတွက် နေ့လယ်ပိုင်းဖြည့်စွက်စာကျွေးမွေးရန်ပြင်ဆင်ထားရှိမှု၊ ကလေးသူငယ်များ လွတ်လပ်လုံခြုံစွာကစားနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်