Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအား ကျောင်းသား ကျောင်းသူများ စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့်ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူသိမြင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2 ) ၌ ဒီဇင် ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နိုင်ငံတော်အဆင့်ကျင်းပမည်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်များစွာအနက်မှ လူငယ်နှင့်စာပေအနုပညာပြပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ယခင်နှစ်က ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လူငယ်နှင့်စာပေပွဲတော်ကို ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင် ပိုမိုထူးခြားလေးနက်အောင် လူငယ်နှင့်စာပေအနုပညာပြပွဲဟု အမည်ပြောင်းလဲ၍ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားလူငယ်များ၊ ဝန်ထမ်းမိသားစုများအားလုံးပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြပွဲတွင် လူငယ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် စာပေဆိုင်ရာ သိသင့်သိထိုက်သည်များကို ဦးစားပေးပြသသွားမည်ဖြစ်ပါကြောင်း၊ ကလေးများအတွက် စိတ်ဝင်စားဖွယ်အစီအစဉ်များ၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ပြီးပြပွဲကို အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိဖြစ်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပြပွဲတွင်ပါဝင်မည့် ဝန်ကြီးဌာနများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြပွဲတွင်ပါဝင်မည့် စာပေဆိုင်ရာပြသမည့်အစီအစဉ်၊ အနုပညာဆိုင်ရာ ပြသမည့်အစီအစဉ်၊ ပြခန်းများပြသမည့် အစီအစဉ်များ၊ ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စာရိတ္တနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာအတွက် ပါဝင်မည့်အစီအစဉ်များ၊ ပြခန်းများခင်းကျင်းပြသမှုနှင့် လူငယ်နှင့်စာပေအနုပညာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

အမှာစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲတွင် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ခြင်း၊ ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်းစသည်ဖြင့် စာပေဆိုင်ရာပြသမည့် အစီအစဉ်များ၊ ဓာတ်ပုံများ ခင်းကျင်းပြသခြင်း၊ ကြီးမြတ်သော မြန်မာ၊ သူ့ကျွန်မခံပြီ၊ ငဘရုပ်ရှင်ကားများစသည်ဖြင့် အနုပညာဆိုင်ရာ ပြသမည့်အစီအစဉ်များ၊ ဝန်ကြီးဌာနများအလိုက် ပြခန်းများခင်းကျင်းပြသမည့်အစီအစဉ်များကို လူငယ်များအတွက် အဓိကထား၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်