Skip to main content

တောင်သူအကျိုးရှိစေမည့် သီးနှံပုံစံဖြစ်စေရေးအတွက် ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးမှုအပေါ် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလို

နေပြည်တော် နိုဝင်ဘာ ၂၀

ဆည်ရေသောက် ဧရိယာများအားလုံး သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမြင့်မားရေး၊ တစ်နှစ်သုံးသီးအထိ သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးနှံသက်တမ်းနှင့် ရေလိုအပ်ချက်ကို အခြေခံရေးဆွဲထားပြီး တောင်သူအကျိုးရှိစေမည့် သီးနှံပုံစံဖြစ်စေရေးတို့အတွက် ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးမှုအပေါ် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် ကင်းသာ ရေလှောင်တမံ၌ ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဝင်ငွေအများဆုံး သီးနှံပုံစံအသုံးပြုစိုက်ပျိုးရေး၊ မြေဆီဩဇာထက်သန်ရေးနည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများအချိုးညီ အသုံးပြုရန် လိုအပ်ချက်များ၊ ရာသီဥတုအခြေအနေကောင်းမွန်ပြီး ဆည်ရေသေချာသည့်ဒေသဖြစ်၍ တစ်နှစ်နှစ်သီးစားမှ သုံးသီးစားတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ကွင်းများရေသွင်းရေထုတ် မှန်ကန်ရေးနှင့်ရေတင်နည်းမျိုးစုံဖြင့် စိုက်ပျိုးရေအသုံးပြုနိုင်ရေး၊ ရေအလေအလွင့်မရှိစေရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။

တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးသည် ကင်းသာရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှုအခြေအနေများကိုလည်းကောင်း၊ တပ်ကုန်းမြို့ကင်းသာကျေးရွာ အုပ်စုကင်းသာကျေးရွာရှိ ဒေါက်တာဇော်ထူးမြင့်၏ အသားတိုး ဝက်မွေးမြူရေးခြံသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်နေမှုများ၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှုအားကောင်းလာစေရန် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ တိရစ္ဆာန်အစာစိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ်ထွန်းကား လာစေရေးအတွက် အသေးစားမွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံတည်ထောင်ဆောင်ရွက် လုပ်ကိုင်လိုသူများအား လက်တွဲခေါ်ယူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်