နေပြည်တော် နိုဝင်ဘာ ၁၈
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် အဖွဲ့ဝင်များကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကြပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်