Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၆

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ်(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် ညီလာခံကြီးအား ယခု(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သည့် ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်လျက် နှီးနွယ်ဝန်ကြီးဌာနများဖြင့် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အစဉ်အလာများအတိုင်း ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက် အနေဖြင့် မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်၊ မြန်မာ့ တိုင်းရင်းဆေးဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

အလားတူ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့်ပေးရန်၊ အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံတိုင်းရင်းဆေးဆရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်ကြောင်း။

ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအနေဖြင့် တိုင်းရင်းဆေး ကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအားထားပြု၍ သုံးစွဲကုသနေကြဆဲဖြစ်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါကို တိုင်းရင်းဆေးဝါးများဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါအပါအဝင် ၎င်းနှင့်အလားတူ ရရာသီတုပ်ကွေးရောဂါများအား ကုသနိုင်ရေး “ဝိသမ” အဖျားပျောက်ဆေးအား လူနာများတွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် သုတေသနအဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စမ်းသပ်မှုနောက်ဆုံးအဆင့် ပြီးစီးအောင်မြင်နေပြီဟုလည်း သိရပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများကို အသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြောင်း။

မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသား ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ယခုကျင်းပမည့် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ၌ ကြိုးပမ်းဆောင်ရွက်နိုင်ရန်စီစဉ် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အထူးအားပေး ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အနေဖြင့် တိုင်းရင်းဆေးပညာရှင်များ၏ ဆေးပညာကျင့်ဝတ်ထိန်းသိမ်းခြင်းများကို ဤညီလာခံများမှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း။

ယခုကဲ့သို့သောမြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကျင်းပပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင်မြင်စေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဆက်စပ်သော ဝန်ကြီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များ၊ ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်ကြီးများ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။

မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ MSME လုပ်ငန်းများတွင်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သဖြင့် နိုင်ငံတော်၏ GDP တိုးတက်မြင့်မားစေရန် တစ်တပ်တစ်အား အထောက်အကူပြုနေကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအနေဖြင့် သက်ဆိုင်ရာ အခန်းကဏ္ဍများမှ အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့် နှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုနွေးတို့က နှီးနှောဖလှယ်ပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခုနှစ် ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။