နေပြည်တော် နိုဝင်ဘာ ၁၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် အနာကြီးရောဂါကင်းဝေးရေးရည်မှန်းချက်ကို ၂၀၀၃ ခုနှစ်၌ ပြည့်မီနိုင်ခဲ့ကြောင်း၊ တစ်နည်းအားဖြင့် အနာကြီးရောဂါဖြစ်ပွားမှုနှုန်းကို လူဦးရေတစ်သောင်းလျှင် တစ်ဦးအောက်လျော့နည်းအောင် လျှော့ချနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရောဂါကူးစက်မှုရှိနေဆဲဖြစ်ပြီး အနာကြီးရောဂါလူနာသစ် ၂၀၀၀ ခန့် နှစ်စဉ်ရှာဖွေ တွေ့ရှိနေရဆဲဖြစ်ကြောင်း၊ သို့အတွက် အနာကြီးရောဂါ ပြန်လည်ဦးမော့မလာစေရေးအတွက် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
လူနာသစ်များတွင် ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်-၂ ရှိသူများပါဝင်နေသဖြင့် ကိုယ်အင်္ဂါချို့ယွင်းမှုမဖြစ်မီ လူနာများကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်ရေးအတွက် လူနာသစ်ရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်းလိုအပ်နေကြောင်း၊ လူနာသစ်များရှာဖွေဖော်ထုတ်၍ ဆေးဝါးကုသခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာလွန်ခဲ့သော ငါးနှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာန ၂၈၀ တွင် စုစုပေါင်းလူနာသစ် ၇၂၆ ဦးကို ရှာဖွေဖော်ထုတ်ပြီးစောစီးစွာ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးသည် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန်နှင့် အဆိုပါရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေး မှူး(တီဘီ/အနာကြီး)များ အဖွဲ့ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး)များ၊ အနာကြီးရောဂါစောင့်ရှောက်ရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဆိုပါ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ သုံးရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်