Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ ညှိနှိုင်းအစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ အကြီးစားပြင်ဆင်မွမ်းမံ ဆောင်ရွက်နေသော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ဓာတ်လှေကားအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

လိုအပ်သည်များ မှာကြား

ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ အစည်းအဝေးကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင်သို့ရောက်ရှိပြီး အစည်းအဝေးအတွက် ခင်းကျင်း ပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းတော်ကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်ကပ်လှူဒါန်း

နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သန်လျင်မင်းကျောင်း ပထမပြန်ကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မင်းကျောင်းဆရာ တော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီး၏ ဘုရားခန်းမ၌ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ ညှိနှိုင်းအစည်းအဝေး ပထမနေ့နှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်