နေပြည်တော် နိုဝင်ဘာ ၁၃
မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးထားရှိပါကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
တွေ့ဆုံပွဲတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ဒေသဖွံ့ဖြိုးရေးကို လုပ်ငန်းကဏ္ဍအလိုက် စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ခေတ်မီနည်းပညာများအသုံးပြု
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့နယ် မိုင်းဇင်ကျေးရွာအုပ်စု ဟွေခါးကျေးရွာရှိ လားဟူနှင့် အာခါကုမ္ပဏီလီမိတက် သဘာဝလက်ဖက်ခြောက်ဖြန့်ချိရေးလုပ်ငန်းသို့ ရောက်ရှိပြီး လက်ဖက်အခြောက် ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးကာ လက်ဖက်တောင်သူများနှင့် တွေ့ဆုံ၍ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ဒေသ၏ဝိသေသထွက်ကုန် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း မြှင့်တင်ရေး၊ ခေတ်မီနည်းပညာများအသုံးပြုကာ အရည်အသွေးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရေး၊ စျေးကွက်ရရှိရေး၊ ရေရှည်တည်တံ့သော စီးပွားရေးထုတ်ကုန်ဖြစ်စေရေးအတွက် ဒေသအစိုးရ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လွယ်မွေကျေးရွာအုပ်စု လွယ်မွေတောင်စခန်း မြို့သို့ရောက်ရှိကြပြီး လွယ်မွေကန် ပြန်လည်တူးဖော်ခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်