Skip to main content

တပ်မတော် (ကြည်း၊ ရေ ၊ လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ ၊ လေ ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေးနှင့် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ ပြိုင်ပွဲဝင်တပ်မတော်သားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အထက်ဖမ်းဆွဲပြိုင်ပွဲ၊ ၃ ဒသမ ၂ ကီလိုမီတာ အပြေးတက်ပြိုင်ပွဲ၊ ဗိုက်သားပြိုင်ပွဲ၊ လက်ထောက်မှောက်ပြိုင်ပွဲ၊ တိုက်ပွဲဝင်စွမ်းဆောင် ရည်စစ်ဆေးမှုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိကြသည့် အားကစားသမားများကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။

ထို့နောက် အသင်းလိုက်တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းကို ဒိုင်းဆုနှင့် ငွေသားဆုများအား နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦးကလည်းကောင်း၊ အသင်းလိုက်ဒုတိယဆုရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးအသင်းကို ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ကြသည်။

ဆက်လက်၍ အသင်းလိုက်ပထမဆုရရှိသည့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးအသင်းကို ဒိုင်းဆု၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲဝင်နိုင်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီကိုက်ညီသည့် ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုမိုပြည့်ဝသူများအား တိုင်းစစ်ဌာနချုပ်များအလိုက် စိစစ်ရွေးချယ်ခဲ့ပြီး အထက်မြန်မာပြည်ပြိုင်ပွဲဇုန်အသင်းများမှ အကောင်းဆုံးစံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်း ငါးသင်းနှင့် အောက်မြန်မာပြည်ပြိုင်ပွဲဇုန်အသင်းများမှ အကောင်းဆုံးစံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်းငါးသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၀သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အသင်းတစ်သင်းလျှင် အားကစားသမား ၁၂ ဦးစီဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲတွင် အထက်ဖမ်းဆွဲပြိုင်ပွဲ၊ ၃ ဒသမ ၂ ကီလိုမီတာအပြေးတက်ပြိုင်ပွဲ၊ ဗိုက်သားပြိုင်ပွဲ၊ လက်ထောက်မှောက်ပြိုင်ပွဲ၊ တိုက်ပွဲဝင်စွမ်းဆောင် ရည်စစ်ဆေးမှုပြိုင်ပွဲများတို့ပါဝင်ပြီး ပထမဆုရရှိသည့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုအသင်း၏ စုစုပေါင်း ရမှတ်မှာ ၇၆၆၅ မှတ်၊ ဒုတိယဆုရရှိသည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၇၅၆၈ မှတ်၊ တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၇၁၅၁ မှတ်၊ အဆင့် ၄ ရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၆၉၇၉ မှတ်၊ အဆင့် ၅ ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်း၏ စုစုပေါင်းရမှတ်မှာ ၆၈၅၅ မှတ်၊ အဆင့် ၆ ရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၆၆၉၁ မှတ်၊ အဆင့် ၇ ရရှိသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စား ပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၆၁၇၄ မှတ်၊ အဆင့် ၈ ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၅၂၉၆ မှတ်၊ အဆင့် ၉ ရရှိသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၄၉၈၅ မှတ်၊ အဆင့် ၁၀ ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၏ စုစုပေါင်းရမှတ်မှာ ၄၅၄၀ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် အဆိုပါကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စစ်ဆေးမှုများမှာ တပ်မတော်သားများပုံမှန်လေ့ကျင့်လျက်ရှိသော ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများဖြစ်၍ အားကစားနည်းတစ်ခုအဖြစ် ယခုနှစ်တွင် စတင်ကျင်းပခြင်းဖြစ်ပြီး ယင်းအားကစားနည်းဖြင့် နိုင်ငံတကာတပ်မတော်စွမ်းရည်ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။                         

သတင်းစဉ်