နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၅/၂၀၂၂)ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၂၈ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၁၀၇၆ နေရာ ရွေးချယ်ပေးရန်ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ယနေ့(စနေနေ့)နှင့် နိုဝင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့) တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။
အဆိုပါရေးဖြေစာမေးပွဲကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၃)နှင့် (၁၁) အခြေခံပညာအထက်တန်းကျောင်းများရှိ နေပြည်တော်စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကိုလိုက်လံ အားပေးစကားပြောကြားသည်။
အလားတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင်ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင်သူရဦးဘိုနီသည် မကွေး တိုင်းဒေသကြီး အခြေခံပညာအလယ်တန်းကျောင်း(ရဲကျောင်း)ရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း စာဖြေသူများကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ် သောအရည်အသွေးမြင့်ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိရာတွင် အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန် ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုရေးဖြေစာမေးပွဲသို့ နိုင်ငံအဝန်းမှ လာရောက်ဖြေဆိုကြသူစုစုပေါင်း ၂၃၄၉ ဦး ရှိကြောင်းသိရသည်။
သတင်းစဉ်