Skip to main content

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်း ခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ပဲ့ကိုင်ရှင်များဖြစ်

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆရာ ဆရာမများသည် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၏ ပဲ့ကိုင်ရှင်များပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ အတ္တဟိတ ပရဟိတအကျိုး သယ်ပိုး ဆောင်ရွက်တတ်အောင်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ ဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ ကိုယ်ကျင့်တရား ကောင်းမွန် အောင်၊ ယဉ်ကျေးလိမ္မာအောင်လည်း ပြုစုပျိုးထောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဆိပ်ကြီးခနောင်တို့မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ဆိပ်ကြီးခနောင်တို့မြို့ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ထိုမှတစ်ဆင့် ဒုတိယ၀န်ကြီး ဦးဇော်ဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ရောက်ရှိပြီး အခြေခံပညာအထက်တန်းအဆင့် Grade-10 နှင့် Grade-11 သင်ရိုး သစ်များရိုက်ကူးသည့် စတူဒီယိုခန်းနှင့် ရုပ်မြင်သံကြားအဆောက် အအုံရှိ အခန်းဖွဲ့စည်းထားရှိမှုများ ကိုလည်းကောင်း၊ သင်ထောက်ကူ အလုပ်ရုံဂိုထောင်ရှိ စာအုပ်များနှင့်ပစ္စည်းများ စနစ်တကျထားရှိမှုကို လည်းကောင်း၊ ရုပ်ရှင်ခန်းမတွင်းရှိ စာရေးစားပွဲခုံများ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်