Skip to main content

၂၀၂၂ ခုနှစ် အာဆီယံ-တရုတ်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲတွင် MITV မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု(Gold Medal) ရရှိ

နေပြည်တော် နိုဝင်ဘာ ၈

တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship and Cooperation Short Video Contest) သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ MITV မှ မြန်မာနိုင်ငံကိုယ်စားပြု၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်း ၅ မိနစ်ကြာ အစီအစဉ်အားပေးပို့ယှဉ်ပြိုင်ခဲ့ရာ ပထမဆု(Gold Medal)အဖြစ် ရွေးချယ်ခဲ့ပါသည်။

အဆိုပါ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အထောက်အကူဖြစ်စေရန်အတွက် တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့(China’s Mission to ASEAN)၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းမစ်ရှင်အဖွဲ့(Permanent Mission of Myanmar to ASEAN)၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး(ASEAN Secretariat)၊ ဝူရှီးမြူနီစပယ်အုပ်ချုပ်ရေးအဖွဲ့ (Wuxi municipal government)နှင့် အခြားအစိုးရဌာနနှင့်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှ ဒိုင်အဖွဲ့ဝင် ၁၀ ဦးက ကြည့်ရှုအကဲဖြတ်၍ မြန်မာနိုင်ငံက Gold Medal၊ လာအို-တရုတ်တို့ ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုများက Silver Medal နှစ်ဆု၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ-တရုတ်တို့ ပူးပေါင်းရိုက်ကူးသည့်ပြိုင်ပွဲဝင်ဗီဒီယိုနှင့် ကမ္ဘောဒီးယား-တရုတ် ပူးပေါင်းရိုက်ကူးသည့် ပြိုင်ပွဲဝင်ဗီဒီယိုများက Bronze Medal သုံးဆုနှင့် Excellence Award ၁၅ ခုတို့ကို ရွေးချယ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက် နေ့ ပီကင်းစံတော်ချိန် ညနေ ၃ နာရီတွင် Online မှ ကျင်းပမည်ဖြစ်သည်။ MITV အနေဖြင့် ယမန်နှစ်ကလည်း အဆိုပါပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ Excellence Award (နှစ်သိမ့်ဆု)ရရှိခဲ့သည်။

အဆိုပါ (Gold Medal)ဆုရ ဗီဒီယိုဇာတ်လမ်းတိုမှာ ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ပုဂံငလျင်ကြောင့်ထိခိုက်ခဲ့ရသည့် သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်းဖြစ်ပြီး Category-Friendly Neighbors (Section A): Millennia “Pauk-Phaw” Friendship ခေါင်းစဉ်အောက်တွင်လည်းကောင်း၊ ရွှေစည်းခုံစေတီတော်ရှိ ချုအင်လိုင်း တန်ဆောင်းအကြောင်းစက္ကန့် ၃၀ ကြာ ဇာတ်လမ်းတိုကိုလည်း Category-Friendly Neighbors (Section B): Millennia “Pauk-Phaw” Friendship ခေါင်းစဉ်အောက်တွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ ယင်းအစီအစဉ်နှစ်ခုသည် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်ကဏ္ဍများ၌နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ဆောင်မြှင့်တင်ပေးသည့် အစီအစဉ်များဖြစ်သည့်အပြင် ASEAN အဖွဲ့ဝင်နိုင်ငံများအကြားနားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများပိုမိုတိုးပွားလာနိုင်ပြီး ငြိမ်းချမ်းသော၊ ကြွယ်ဝချမ်းသာသော၊ တည်တံ့ခိုင်မြဲသော ASEAN လူမှုအသိုက်အဝန်း ထူထောင်မှု “A Community of Peace, Prosperity and Sustainability” ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်