နေပြည်တော် နိုဝင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၀/၁)၊ အမှတ်(၄)လမ်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသော ကျွန်းတံခါးချပ်နှင့် ကျွန်းပြတင်းတံခါးများ သုညဒသမ ၈၀၅၈ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၃၁၈၂၈ကျပ်)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Isuzu အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၅၅၃၁၈၂၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်နှင့်ဖိနပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း တရားမဝင်ကျွန်းသစ် ၄၂ ဒသမ ၇၈၇၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၅၈၃၁၁၈၆ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲငါးမှု(ခန့်မှန်းတန်ဖိုးငွေ ၃၄၅၆၃၀၁၄ ကျပ်)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်