Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒက္ခိဏသီရိမြို့နယ် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

နေပြည်တော် နိုဝင်ဘာ ၈

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဒက္ခိဏ သီရိမြို့နယ် တောင်ဝိုင်းကြီး နေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိသတ်များက ဆရာတော်ဘဒ္ဒန္တ ပဏ္ဍိတမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများ၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်အနီးရှိ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

ထို့အတူ နံနက် ၉ နာရီကလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းကဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသင်း၏ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အသင်းမှဌာနသို့ အလှူငွေပေးအပ်၍ အသင်းသို့ သင်တန်းကုန်ကျစရိတ်လှူဒါန်းပေးသော လုပ်ငန်းရှင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၂၆ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ဖျော်ရည်မျိုးစုံ၊ ယိုမျိုးစုံ၊ ရေခဲမုန့်နှင့် ပေါက်ပေါက်ပြုလုပ်နည်းတို့ကို ငါးရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်