Skip to main content

မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ ၈

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ရောက်ရှိပြီး အခြေခံဂဟေဆက်သင်တန်းသားများအား တွေ့ဆုံအားပေးသည်။

အလုပ်အကိုင်အခွင့်အလမ်းများရရှိ

တွေ့ဆုံစဉ် ကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံဂဟေဆက်သင်တန်းနှစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၄၀ မွေးထုတ်ကာ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခဲ့ပြီး အခြေခံဂဟေဆက်သင်တန်း (၃/၂၀၂၂)ကို နိုဝင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ သင်တန်းသား ၂၀ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိမိဒေသအတွက် အကျိုးကျေးဇူးများရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ အလေးထားမွေးထုတ်ပေးနေ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများမှ သင်တန်းဆင်းများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျကြိုးစားသင်ယူပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချ၍ လူနေမှုဘဝမြင့်မားစေရေးအတွက်နည်းပညာတိုးတက်မှုများကို စဉ်ဆက်မပြတ်လေ့လာရန်လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့၏အရည်အသွေးများကို ပိုမိုမျှဝေနိုင်ရေးဒေသအဆင့်၊ နိုင်ငံတကာအဆင့်အမီလိုက်နိုင်ရန် ကြိုးစားအားထုတ်စေလိုကြောင်း မှာကြား၍ သင်တန်းကျောင်းရှိ လက်တွေ့အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရွှေပေါက်ကံစက်မှုဇုန်ရှိ Shin Sung Tong Sang Co., Ltd. နှင့် KPH CMP စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံ၊ အလုပ်ရုံမှတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလေးထားဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ကုန်မှာစာများပုံမှန်ရရှိပြီး စက်ရုံများလည်ပတ်နိုင်ရန်လိုအပ်သဖြင့် စက်ရုံအပေါ်အလုပ်အပ်နှံသူများက ယုံကြည်မှုရရှိရေးကောင်းသတင်းပျံ့နှံ့စေရန် အပြန်အလှန်ယုံကြည်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်