Skip to main content

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၈

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပိန္နဲတောင်ကျေးရွာရှိ ဓမ္မဆာယကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ရှိ မဏိရတနာရာမကျောင်းတိုက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း လေးကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းခုနစ်ကျောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရက္ခိတအောင် သိဒ္ဓိဘုန်းတော်ကြီးကျောင်းတိုက်၊ အောင်လံမြို့နယ် မန်ကျည်းကုန်းရပ်ကွက်ရှိ ဓမ္မစင်္ကြာကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး ပေါင်းတလည်မြို့ ဇင်းကုန်းကျေးရွာရှိ သဒ္ဓမ္မဉ္ဇီ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ဖန်ခါးမြေဘိုးဘွားရိပ်သာနှင့် နတ်မောက်မြို့နယ် ပင်ကျားထူးကျေးရွာရှိ မြတ်ဂုဏ်ပြည့်ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်နှင့် တောင်တွင်းကြီးတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းမိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်