နေပြည်တော် နိုဝင်ဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ တွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီးရှိ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်ဝင်းမောင်းနှင်ပြီး အိအိငြိမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၆၅ ပြားကိုလည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခန့်ထက်အောင်(ခ)မိုးကို မောင်းနှင်လာသည့် HYUNDAI GRAND STAREX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို လည်းကောင်း။
အလားတူ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် မရမ်းကုန်း မြို့နယ်(၄)ရပ်ကွက် တော်ဝင်လမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဦးဦးသန်းနှင့် ကျော်သိန်းထွန်းတို့နှစ်ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀ ကိုလည်းကောင်း။
နိုဝင်ဘာ ၅ ရက် ည ၉ နာရီတွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားနယ်မြေ မြို့ရှောင်လမ်းတွင် စိုင်းဆိုင်လှိုင်း(ခ)အားဝေ မောင်းနှင်ပြီး နော်ဒင်နှင့် မျိုးဒန်အောင်လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် စိုင်းကျော်ဦး မောင်းနှင်ပြီး စိုင်းအိုက်လူးလိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ TOYOTA ALPHARD ယာဉ်ပေါ်မှ ကက်တမင်း ၁ ကီလို၊ Glock အမျိုးအစား 9MM ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် ကိုးတောင့်၊ M22 Type 81 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ်ခြောက်ခု၊ ၎င်းကျည်တောင့် ၁၂၀ နှင့် လက်ပစ်ဗုံး နှစ်လုံးတို့ကိုလည်းကောင်း။
နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီတွင် သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု ပန်ညုကျေးရွာအနီး သီပေါ-မန္တလေး ကားလမ်းမပေါ်တွင် စိုင်းအိုက်လူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်