Skip to main content

စီးပွားရေးသံမှူးများ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

တာဝန်ထမ်းဆောင်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ထားခြင်းဖြစ်သည်နှင့်အညီ တစ်ဦးချင်းစည်းကမ်းရှိ၍ ဂုဏ်သိက္ခာထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ကြရန်၊ မိမိတို့သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး သန္နိဋ္ဌာန်ချမှတ်၍ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် နိုင်ငံအတွက်အကျိုးရှိ၍ လက်တွေ့အသုံးချနိုင်မည့် အစီရင်ခံစာများ၊ သတင်းအချက်အလက်များပြုစုပေးပို့ ကြစေလိုကြောင်းမှာကြားသည်။

တက်ရောက်

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်