နေပြည်တော် အောက်တိုဘာ ၂၄
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ဒေသကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နေပြည်တော်ကောင်စီ၏ နယ်မြေအတွင်းရှိ ဓာတ်အားခွဲရုံများသို့ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများအား ထိုသို့တိုက်တွန်းပြောကြားသည်။
ထို့အပြင် ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများပြီးစီးပါက ဓာတ်အားလက်ခံ ပို့လွှတ်နိုင်ရေးအတွက် Power Flow Analysis များဆောင်ရွက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး အလေးပေးဆောင်ရွက်ရန်၊ လုံခြုံရေးအသိ၊ သတိရှိကြရန်နှင့် ခွဲရုံအတွင်း/ အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အလေးထား ဆောင်ရွက်ရန်၊ ခွဲရုံရှိ Transformer များ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ခွဲရုံဖြစ်ရေး အလေးပေးဆောင်ရွက်ရန်၊ အရန်ပစ္စည်းကိရိယာများအား အမြဲအသင့်ရှိနေစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအသိ၊ သတိဖြင့် အစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့ ၂၃၀ ကေဗွီ ရွှေမြို့ပင်မ ဓာတ်အားခွဲရုံကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက သာစည်ပင်မဓာတ်အားခွဲရုံနှင့် ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများဖြင့် လက်ခံပြီး နေပြည်တော် (၂) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနား ဓာတ်အားခွဲရုံတို့မှတစ်ဆင့် နေပြည်တော်နှင့် တောင်ပိုင်းရှိ ဓာတ်အားခွဲရုံများသို့ ပို့လွှတ်မှုအခြေအနေများ၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ဖီဒါများမှတစ်ဆင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃ ကေဗွီ ရေဆင်း GIS (Gas Insulated Substation) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံအား ကြည့်ရှုစစ်ဆေးစဉ် အင်ဂျင်နီယာချုပ်က ၎င်းခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ပုဗ္ဗသီရိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးခွဲရုံအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယအင်ဂျင်နီယာချုပ်က လျှပ်စစ်ဓာတ်အားပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပင်မဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှုစစ်ဆေးပြီး ခွဲရုံရှိ Shunt Reactor ၊ Transformer ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများအား ပြစ်ချက်ရှာစစ်ဆေးရန်၊ ပစ္စည်းကိရိယာများအပေါ်သို့ တိရစ္ဆာန်များ မတက်ရောက်စေရန် အကာအရံ အတားအဆီးများ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်၍ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို အချိန်ဇယားရေးဆွဲ၍ ပုံမှန်ဆောင်ရွက်ရန်၊ ရမည်းသင်းမြို့သို့ ဓာတ်အားပိုမိုတည်ငြိမ်၍ လေလွင့်ပျောက်ဆုံးမှု နည်းပါးစွာ ပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ၆၆ ကေဗွီ တိုးချဲ့ Gantry တည်ဆောက်ခြင်းအား သတ်မှတ်ချိန်အတွင်း နည်းပညာအရည်အသွေး စံနှုန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။
သတင်းစဉ်