Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီဖြည့်ဆည်း

နေပြည်တော် အောက်တိုဘာ ၂၀

စက်မှုလုပ်ငန်းများ၊ တည်ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အဓိကဖြစ်သော သံနှင့် သံမဏိများ ထုတ်လုပ်ရန် လိုအပ်သည့် သံစိမ်းများ ထုတ်လုပ်ပေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် အောက်တိုဘာ ၁၅ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအပေါ် မြေပြင်စစ်ဆေးမှုများ ဆောင်ရွက်နေမှုနှင့် စီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံတည်ဆောက်ရေး စီမံကိန်းများ ပြီးစီးမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို စတင်နိုင်မည်ဖြစ်၍ ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးမှုရှိရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို စက်ရုံလည်ပတ်လျှင် အဆင်သင့် ဖြစ်အောင် ကြိုတင်စီမံထားရန်၊ အလုပ်ရုံတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကျေညက်အောင် လေ့လာထားရန် မှာကြားသည်။

အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ အလုပ်ရုံခွဲ အသီးသီး၌ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စွန့်ပစ်အပူသုံး ဘွိုင်လာပြုပြင်နေမှု၊ လျှပ်စစ် မီးကြိုးများ လဲလှယ်နေမှုနှင့် ဓာတ်အားခွဲရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ထမ်းများအနေဖြင့် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကူညီ ဖြည့်ဆည်းပေးရန်၊ အများပြည်သူနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်နှင့် ဘွိုင်လာစစ်ဆေးမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အေးသာယာစက်မှုဇုန်အတွင်းရှိ စိန်ငွေမြပြောင်း အခြောက်ခံစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်