နေပြည်တော် အောက်တိုဘာ ၁၆
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမှတစ်ဆင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း တစ်လျှောက်ကိုလည်းကောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ- တောင်ကြီး- လမ်းပိုင်းကို လည်းကောင်း၊ တောင်ကြီးမြို့နယ် စဝ်စံထွန်း ဆေးရုံကြီး၌ သုံးထပ်လူနာဆောင် ပေ (၅၀x ၆၀) ဆောက်လုပ်နေမှုကို လည်းကောင်း၊ ဟိုပုံးမြို့ နိုင်ငံ့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်အိမ်ရာ စီမံကိန်းသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အဆောက်အအုံဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လူပုဂ္ဂိုလ်လုံခြုံရေး၊ စက်ယာဉ်၊ ယန္တရားများလုံခြုံရေး၊ ရုံး၊ အဆောက်အအုံ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်း ပြဋ္ဌာန်းချက်ပါအတိုင်း ပါတီနိုင်ငံ ရေးကင်းရှင်းရန်လိုကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းရေးရာ ကိစ္စရပ်များအပေါ် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်