Skip to main content

အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်

ရန်ကုန် အောက်တိုဘာ ၁၁

အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Meeting of the ASEAN Task Force on Fake News-1st TFFN) ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ JW Marriott Hotel Hanoi ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။

အစည်းအဝေးသို့ လာအို၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ TFFN လုပ်ငန်း အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ဦးဆောင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းမီဒီယာနှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့(SOMRI Working Group on Information, Media and Training - SOMRI WG-IMT) မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများက နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာနေရာများမှ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည်။

အဆိုပါ TFFN ၏ လုပ်ငန်းဆောင်ရွက်မှု မူဘောင်သတ်မှတ်ချက် Terms of Reference (TOR) အား ၂၀၂၂ ခုနှစ် မေ ၁၉ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(19th SOMRI)တွင် အတည်ပြုခဲ့ပြီး TFFN အစည်းအဝေးများအား တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ် သွားရန်နှင့် သတင်းမီဒီယာနှင့် သင်တန်းဆိုင်ရာလုပ်ငန်းအဖွဲ့ (ASEAN SOMRI Working Group on Information, Media and Training - WG-IMT) အစည်း အဝေး မတိုင်မီ အွန်လိုင်းအစည်းအဝေးဖြင့် တစ်ကြိမ်၊ SOMRI WG-IMT အစည်းအဝေးနှင့် Back – to – Back ကျင်းပခြင်းဖြင့်တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။

အစည်းအဝေးတွင် သတင်းမှားတိုက်ဖျက်မှုဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်ချက်များ၊ Terms of Reference (TOR) အရ ချမှတ်ထားသည့် ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာ ဒေသတွင်း ကြိုးပမ်းဆောင်ရွက်ချက်များ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို အဓိကထားဆွေးနွေးကြပြီး ဩစတြေးလျ နိုင်ငံအနေဖြင့်လည်း သတင်းမှားတိုက်ဖျက်ရေးတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် Fake News နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ လှုပ်ရှားဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းတု၊ သတင်းမှားများ တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ လက်ရှိ ဆောင်ရွက်နေမှု၊ သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြမှု၊ သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်မီဒီယာ သိနားလည်မှုသင်တန်း (Media and Information Literacy Training)၊ cyber Wellness သင်တန်းများ အခါအားလျော်စွာ ပို့ချပေးနေမှုများနှင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ စသည့် ဥပဒေများဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်း သတင်းမှားတိုက်ဖျက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်