နေပြည်တော် အောက်တိုဘာ ၁၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာ ၉ ရက်မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရားကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင်ခရစ်ယာန်အသင်းတော်များကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း မိသားစုအသွင် Social Distancing ဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတော်ချီးမွမ်းရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် လိုအပ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး Unity, Peace and Development တို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မေတ္တာကရုဏာထားခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်နိုင်ကြောင်း၊ တိုင်းသူပြည်သား အားလုံးအကျိုးကိုရှေးရှု၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပြီး တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးအောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင် ခရစ်ယာန်အသင်းတော်များကောင်စီများ၏ အသင်းတော်များမှ ဆရာတော်များနှင့် သင်းအုပ်ဆရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်