နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုးကို အဓိကရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် တည်ဆောက်ရေးဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ လက်ရှိတာဝန်ခံများက မျိုးဆက်သစ် ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
အောက်တိုဘာ ၂ ရက် နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြေနှင့်ကွန်ကရစ် စမ်းသပ်အလုပ်ရုံသို့ ရောက်ရှိရာ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယုမော်မော်ဝင်းက မြို့ပြတည်ဆောက်ရေး လုပ်ငန်းများဆိုင်ရာ မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျောက်စရစ် ရွယ်စုံ၊ သံချောင်းများ၊ ကွန်ကရစ်နမူနာ စမ်းသပ်စစ်ဆေးခြင်း အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် Hydraulic အလုပ်ရုံကို ကြည့်ရှုစစ်ဆေးရာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ရေပိုလွှဲပုံစံငယ် စမ်းသပ်ဆောင်ရွက်မှုကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယခုကဲ့သို့ စမ်းသပ်နိုင်သည့်အတွက် နိုင်ငံခြားတွင် ပုံစံထုတ်ဆောင်ရွက်ရန် မလိုအပ်သဖြင့် နိုင်ငံခြားငွေ ကုန်ကျစရိတ် သက်သာကြောင်း၊ နိုင်ငံခြားသားပညာရှင်မလိုအပ်ဘဲ ဌာနရှိဝန်ထမ်းများက ဆောင်ရွက်နိုင်ခြင်းကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ အလုပ်ရုံများ ရေရှည်တည်တံ့၍ တိုင်းတာရေးကိရိယာများ မှန်ကန်တိကျစေရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးပေးဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် 33/11 kV ၊ 10 MVA ပျဉ်းမနား မြို့ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်